နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

စစ်ကောင်စီက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)အပါအဝင် တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် လူမှုထူးချွန် (ပထမအဆင့်)ဆုပေးအပ်ခဲ့ခြင်းသည် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု နီးစပ်သူများက ထောက်ပြသည်။

စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရန် အသေးစိတ် အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ညီလာခံကိုယ်စားလှယ်များဟုဆိုကာ ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် ထိုသို့ လူမှုထူးချွန် (ပထမအဆင့်) ဆုကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ကွယ်လွန်သွားသည့် SNLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး၊ လက်ရှိ SNLD ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်နှင့် မွန်တိုင်ရင်းသားခေါင်းဆောင်များဖြစ်ကြသည့် နိုင်ချေမွန်၊ နိုင်တလမွန်၊ နိုင်ဧက တို့အပြင် ခေါင်းဆောင်တွေလည်း အခြားပုဂ္ဂိုလ်များကိုပါ လူမှုထူးချွန် (ပထမအဆင့်) ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“အမှန်က အမျိုးသားညီလာခံကနေ ထွက်လာတာပဲလေ၊ NLD ပါတီနဲ့အတူပဲ။ ဒါဟာ ထောင်ချောက်ပဲ” ဟု SNLD ပါတီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် ရန်ကုန်မြို့ ရှိ သမ္မတအိမ်တော်၌ စတင်ကျင်းပပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များအား ကျိုက္ကစံကွင်း၌ နိုင်ငံတော် ငြိမ်ဝပ်ပိ ပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ) စစ်အစိုးရက ထားရှိခဲ့ကြောင်း သိရသည်။

ထိုအချိန်မှစတင်၍ ၁၉၉၆ ခုနှစ်အထိ ကျင်းပခဲ့သော အမျိုးသားညီလာခံသည် စစ်တပ်၏ တစ်ဖက်သတ် တောင်းဆိုချက်များကို လက်မခံသည့်အတွက် အကြိမ်ကြိမ် ရပ်နားခဲ့ရပြီး ၁၉၉၅ ခုနှစ်၊ နိုဝင် ဘာ ၂၉ ရက်တွင် NLD ပါတီမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များသည် ညီလာခံမှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ နှုတ်ထွက်ခဲ့သော NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ၈၆ ဦးထဲတွင် ပါဝင်ခဲ့သည့် သထုံမဲဆန္ဒနယ်မှ အနိုင်ရ၊ လက်ရှိပအိုဝ်းအမျိုးသား ဖက်ရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက SNLD ပါတီ ခေါင်းဆောင်များ တာဝန်ကျေပွန်ခဲ့ကြောင်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အဲဒီတုန်းက မှတ်မှတ်ရရ ပြောရရင် ဦးခွန်ထွန်းဦးကို ညီလာခံနေ ထွက်ခါနီး ညနေပိုင်းမှာ ကျွန်တော်သွားပြောတယ်၊ ထွက်တော့မယ်ပေါ့။ ဘာပြန်ပြောလဲဆိုတော့ ကျွန်တော်တို့လည်း တာဝန်ကျေ ပါ့မယ်တဲ့၊ ပြောပြီးတော့ နောက်ပိုင်းမှာ SNLD က ညီလာခံကို မတက်တော့ဘူး” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။

ထို့နောက် ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှ မတ် ၃၁ ရက်အထိ ၁၉၉၀ ရွေးကောက်ပွဲတွင် ဒုတိယအများဆုံး မဲအနိုင်ရရှိသူ SNLD ပါတီ ဥက္ကဋ္ဌနှင့် SSA ခေါင်းဆောင်များ ဖမ်းဆီးခံရ၍ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များ ညီလာခံမှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

“သူတို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပဲ ကိုင်စွဲထားတယ်ဆိုတာကို ခိုင်ခိုင်မာမာ ပြချင်တဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးထဲမှာ ဒီလူဒီလူတွေ ပါခဲ့ပါတယ် ဆိုပြီးတော့ နိုင်ငံရေး အရ လူထုအမြင် ရှုပ်ထွေးအောင် လုပ်တာလို့ပဲ မြင်ပါတယ်” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

စစ်အစိုးရသည် ၂၀၀၆ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ အမျိုးသားညီလာခံကို ဆက်လက်ကျင်းပပြီး စစ်တပ်ပါဝင်မှုနှင့် ဆိုင်သည့်အချက်များ၊ တရားသူကြီးချုပ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် စသည့်အချက်များကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။

ယင်းနောက် အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်က အချို့အချက်များ ထပ်တိုးရန်၊ မရှင်းလင်းသည်များနှင့် ဥပဒေဆိုင်ရာ အားနည်းချက်များကို ပြင်ဆင်ရန်ဟုဆိုကာ ညီလာခံနောက်ဆုံး အစည်းအဝေး ကို ၂၀၀၇ ခုနှစ်၊ ဇူလိုင် ၁၈ ရက်တွင် ကျင်းပအဆုံးသတ်ခဲ့ကြောင်း သိရသည်။

#စစ်ကောင်စီ #ပြည်သူလူထု #အထင်အမြင်လွဲမှား #SNLD #တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ #လူမှုထူးချွန်ဆုပေး #Ayeyarwaddy_Times