ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇန်နဝါရီ ၄ ရက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ပြီး လေကြောင်းကင်းထောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းက ဗုံးကြဲခဲ့ပြီးနောက် ယနေ့၊ ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် မြို့ပေါ်ရှိ အဆောက်အအုံအချို့ ထိမှန်ပျက်စီးကြောင်းဒေသခံများထံက သိရသည်။

” ဒီနေ့မှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ နှစ်ကြိမ်လာကြဲသွားတယ်။ လဝကရုံးနားမှာတော့ မီးခိုးတွေ ထွက်နေတယ်။ မနေ့ကတော့ ခလရ ၃၀၄ တပ်ရင်းနဲ့ အနီးတဝိုက်မှာ လာကြဲသွားတာပါ။ အခုလည်း လေယာဥ်တွေ ပျံဝဲနေတယ်။ ကင်းထောက်လေယာဥ်တွေကတော့ နေ့တိုင်းလိုလိုလာတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့ကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး စစ်ဘေးရှောင်နေသည့် ဒေသခံအချို့ မြို့ပေါ်တွင် ပြန်လည်နေထိုင်ကြကြောင်းသိရသည်။

ဓာတ်ပုံ-မတူပီမြို့(ပုံဟောင်း)
#မတူပီ #စစ်ကောင်စီ #လေကြောင်း #နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက် #ကင်းထောက် #Ayeyarwaddy_Times