
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
ဧရာဝတီတိုင်းတွင် ၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့အတွက် အကျဉ်းသား အကျဉ်းသူ ၃၅၆ ဦး စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ရာ နိာင်ငံရေးအကျဉ်းသား အလွန်နည်းကြောင်း သိရသည်။
ပုသိမ်အကျဉ်းထောင်မှ ၁၉၁ ဦး၊ ဟင်္သာတအကျဉ်းထောင်မှ ၁၁၇ ဦးနှင့် မအူပင်အကျဉ်းထောင်မှ ၄၈ ဦးပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ထည့်သွင်းဖော်ပြမှုများအရ သိရသည်။
“မနေ့က လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားက မပါသလောက်ကိုနည်းတာ၊ သူတို့ပြောတဲ့ ၃၀၀ ကျော်မှာ နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရသူတွေ ပြန်လွတ်တာ ၃၀ ပြည့်မယ် မထင်ဘူး”ဟု ပုသိမ်မြို့မခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
လွတ်လပ်ရေးနေ့ အကျဉ်းသားပြန်လွှတ်ပေးမှုတွင် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ဟန်ပြအနေဖြင့်သာ ထည့်လွှတ်ပေးပြီး ခိုးဆိုးလုနှိုက်နှင့် လောင်းကစားမှုများကြောင့် ထောင်ကျနေသူများသာ အများဆုံးပြန်လွတ်လာခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းအတွင်းအကျဉ်းထောင်များမှ ပြန်လွတ်လာသူများထဲတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးအကျဉ်းချခံရသည့် အရည်အတွက်များမှာ ဖျာပုံအကျဉ်းထောင်မှ တစ်ဦး၊ ဟင်္သာတ အကျဉ်းထောင်မှ တစ်ဦးနှင့် မအူပင်အကျဉ်းထောင်မှ ရှစ်ဦး စုစုပေါင်း ၁၀ ဦးသာရှိကြောင်း ဧရာဝတီတိုင်းမ်အနေဖြင့် စုံစမ်းသိရသည်။
#ဧရာဝတီတိုင်း #လွတ်လပ်ရေးနေ့ #လွတ်ငြိမ်း #နိုင်ငံရေးအကျဉ်းသား #အလွန်နည်းပါး #Ayeyarwaddy_Times