
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ကြေညာထားသည်။
“သင်ဇာဝင့်ကျော် လွတ်တဲ့အထဲပါတယ်”ဟု အကျဉ်း ဦးစီးနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အနုပညာရှင်အချို့နှင့် ၎င်းနှင့်နီးစပ်သူအချို့မှလည်း သင်ဇာဝင့်ကျော်ပြန်လည်လွတ်မြောက်လာပြီဖြစ် ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားသည်ကို တွေ့ရသည်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် အီလက် ထရွန်နစ် ဥပဒေပုဒ်မ ၃၃(က) နှင့် အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် သရုပ်ဆောင် သင်ဇာဝင့်ကျော်နည်းတူ မော်ဒယ်သရုပ်ဆောင် နန်းမွေ့စံကိုလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ခြောက် နှစ်ချမှတ်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာခြင်း ရှိ/မရှိကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် သိရှိရခြင်း မရှိသေးပေ။
ပုံစာ-ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသော သင်ဇာဝင့်ကျော်အား တွေ့ရစဉ်
#သရုပ်ဆောင် #သင်ဇာဝင့်ကျော် #လွတ်ငြိမ်း #လွတ်မြောက်လာ #Ayeyarwaddy_Times