ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဇန်နဝါရီ ၄ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ယနေ့လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်၊ နံနက် ၁၂နာရီ၅မိနစ်ခန့်တွင် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်လက်အောက် ကျရောက်နေသည့် ပြည်သူများအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကာ ယနေ့ကျရောက်သည့် လွတ်လပ်ရေးနေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုံး ၁၂ လုံး အနက် ၁၀ လုံးမှာ တောင်ငူ လေတပ်ဝင်းအတွင်း အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

“ဟိုရက်က နှစ်သစ်ကူးညကလည်း ကရင်နီကိုဗုံးကြဲတာ တောင်ငူလေတပ်ပါပဲ။ ပစ်တာကတော့ တိုက်လေယဥ်ထားသိုရုံတွေနဲ့ လေကြောင်းထိန်းမျှော်စင်တွေကို ပစ်မှတ်ထားတိုက်တာပါ။ ထိခိုက်မှု ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု Mountain Knights Civilian Defense Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်ငူလေတပ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက် ၁၂၀ မမ လက်နက်ကြီးဟု ယူဆရသည့် လက်နက်ကြီး သုံး လုံး ဖြင့်ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

တောင်ငူ လေတပ်စခန်းသည် ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ နှင့် ရှမ်းတောင်ဒေသ တို့တွင် အဓိက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် လေတပ်စခန်းတစ်ခုလည်း ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ရာတွင် အဓိက သုံးသည့် MiG-29 Jet Fighter နှင့် Y-12 Military Transport Aircraft တို့ ပုံမှန်ရှိနေသည့် စခန်းတစ်ခုလည်းဖြစ်သည်။

တောင်ငူလေတပ်စခန်း တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်းအထူးဒေသ အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။

BWM နှင့် ပူးပေါင်းအဖွဲ့များမှာ တောင်ငူ လေ တပ်စခန်းကို တိုက်ခိုက်ခဲ့သည်မှာ ယခုအခါခြောက်ကြိမ် မြောက်ရှိပြီဖြစ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ရှော့တိုက်ဒုံး ငါး လုံး ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#တောင်ငူလေတပ် #ရှော့တိုက်ဒုံး #ပစ်ခတ်ခံရ #MKCDF #BWM #Ayeyarwaddy_Times