
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
စစ်ကောင်စီကပြည်တွင်းဆီစက်လုပ်ငန်းရှင်များအတွက်ပိုက်ဆံထုတ်ချေးပေးလျှက်ရှိကာ ယခုသုံးရက်အတွင်း ဆီစက်လုပ်ငန်းရှင်များက ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ပဲဆီနှင့်နှမ်းဆီတိုက်ရိုက်ရောင်းချမည်ဖြစ်ကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွင်ဖော်ပြထားသည်။
ယနေ့ ဇန်နဝါရီ ၄ ရက်နေ့မှ ၆ ရက်နေ့အတွင်း ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ( UMFCCI) တွင် ပြင်ပပေါက် ဈေးထက်သက်သာစွာဖြင့် ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ရောင်းချမည်ဖြစ်ကြောင်းသိရသည်။
ဈေးကွက်အတွင်း ပဲဆီအမျိုးအစားပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကျပ်ကြားရှိပြီး ယခု ဈေးရောင်းပွဲတွင် တစ်ပိဿာ ကျပ် ၁၇,၀၀၀ ကျပ်အမြင့်ဆုံးဈေးဖြင့်ရောင်းချမည်ဖြစ်ကြောင်းသိရသည်.
အဆိုပါစားသုံးဆီရောင်းပွဲတွင် ဆီ ၅၀ ကျပ်သားမှစတင်ကာ လိုသလောက်ရောင်းချမည်ဖြစ်ပြီး ဆီပိဿာချိန်များပါက အိမ်တိုင်ရာရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံခြားငွေ များစွာလိုအပ်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်သည် စားအုန်းဆီကိုပြင်ပမှတန်ချိန်များစွာ တင်သွင်းနေရသဖြင့် ပြည်တွင်းဆီစက် လုပ်ငန်းရှင်များနှင့် တောင်သူများကို ဆီထွက်သီးနှံပိုစိုက်ပျိုးပြီး စားသုံးဆီဖူလှုံရေးဆောင်ရွက်ရန်ပြောကြားလေ့ရှိသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည် တော်ကောင်စီအပါအဝင် တိုင်းနှင့်ပြည်နယ်တို့မှ ဆီလုပ်ငန်းရှင် ၂၁ ဦးကို ကျပ် ၁၇၇၃ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ပြည်တွင်းဆီစက်လုပ်ငန်းရှင်များ #ဆီရောင်းချမည် #UMFCCI #Ayeyarwaddy_Times