
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြင့် အကျဉ်းသား ၅၈၆၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ပုသိမ်ထောင်မှ အကျဉ်းသား ၁၀၀ ကျော်လွတ်မြောက်ခဲ့သော်လည်း နိုင်ငံရေးအကျဥ်းသားများ ပါ၀င်ခြင်းမရှိကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရှိရသည်။
“နိုင်ငံရေးအမှုတွေ မပါဘူး၊ ဒါပေမယ့် လျှော့ရက်တွေရကြတယ်။ ကျန်အမှုတွေပဲလွှတ်တာပါ “ဟု ထောင်နှင့်နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယနေ့ လွတ်ငြိမ်းချမ်းသာဖြင့် လွှတ်ပေးလိုက်သူများတွင် ခိုးမှု၊ ရိုက်မှု၊ အရက်ပုန်းရောင်းမှု၊ လောင်းကစားမှုများမှ ရာဇ၀တ်အကျဥ်းသားများဖြစ်ပြီး အမျိုးသား ၈၀ကျော်နှင့် အမျိုးသမီး ၂၀ ခန့်ပါ၀င်ကြောင်း သိရှိရသည်။
ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ရှိပြီး ပုသိမ်ထောင်ရှေ့တွင် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များက လာရောက်စောင့်ဆိုင်းခဲ့ကြသည်။
ယင်းကဲ့သို့ အကျဉ်းသား ၅၈၆၄ ဦး လွတ်ငြိမ်းပေးရာတွင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၆၀၀ ဝန်းကျင်ပါဝင်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်လည်း လွှတ်ပေးသည့်စာရင်းတွင် ပါဝင်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသည်။
#ပုသိမ်ထောင် #ပြန်လွတ်သူ၁၀၀ကျော် #နိုင်ငံရေးအကျဥ်းသားများ #ပါ၀င်ခြင်းမရှိ #Ayeyarwaddy_Times