
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
ယနေ့ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့သည့် အကျဉ်းသားများထဲတွင် ပုဒ်မ ၅၀၅ ဖြင့် အကျဉ်းကျခံနေရသူ ၆၀၀ ဦးကို ပြန်လွှတ်ပေးခဲ့ ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။
စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် အကျဉ်းကျခံ နေးရသည့် နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦးကို လွတ်ငြိမ်းခွင့် ပေးကြာင်း ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိစာရင်းများအရ ပုဒ်မအသီးသီးဖြင့် အကျဉ်းကျခံရပြီး လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် နိုင်ကျဉ်း ဦးရေမှာ ၁၄၇ ဦးအထိသာရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရသည်။
“လက်ရှိတော့ ၅၀၅ ကိုမှ လွတ်ရက်နီးနေတဲ့ လူတွေ အဓိကလွတ်လာတာတွေ့ရတယ်။ ပြီးတော့ ၅၀ ည ပုဒ်မ တချို့လည်းလွတ်လာတာကိုတွေ့ရတယ်။ ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် တော့နည်းတယ်လို့လည်းပြောရမှာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ၅၀၅ ကို ၆၀၀ ပါတယ်လို့တော့ စစ်ကောင်စီရဲ့ သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပြောဆိုထားတာကို တွေ့ရပါတယ်။ လက်တွေ့မှာတော့ ဒါဟာ မှန်ကန်မှုရှိမရှိဆိုတာ စိစစ်ရဦးမှာဖြစ်ပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်ပြန်လည်လွတ်မြောက်လာပြီး ၎င်း၏ အမှုတွဲအကျဉ်းကျခံနေရသူများပါဝင်ခြင်းရှိ၊ မရှိကိုမူ ဧရာဝတီးတိုင်းမ်သတက်ူဌာနက စုံစမ်းနေဆဲဖြစ်သည်။
ထို့ပြင် ရာဇသတ်ကြီးဥပဒေ ပုမ်မ (၅၀၅) ဖြင့် အကျဉ်းကျခံသူ ၆၀၀ ဦးလွတ်မြောက်မည်ဖြစ်၍ သတင်းမီဒီယာသမားများနှင့် ဖုန်းစစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ပြည်သူများပါဝင်နိုင်ကြောင်းသိရသည်။
၂၀၂၁ ခုနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် (ဟောင်း) ဒေါက်တာခက်အောင်၏ အမှုတွဲတွင် ပြည်နယ်ဝန်ကြီး (ဟောင်း)များဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း(ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ကောင်စီက အမှုဖွင့်လှစ်အရေးယူခဲ့ခြင်းဖြစ်သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ တွင် ပုဒ်မ ၅၀၅ (က) စစ်သား တပ်သားအား စစ်ပုန်ကန်စေခြင်းနှင့် တာဝန်ဝတ္တတရားကို မလေးစားခြင်း၊ (ခ) ကောလဟလနှင့်သတင်းဖြန့်ရာတွင် နိုင်ငံတော်နည်ငြိမ်မှုထိခိုက်ခြင်းနှင့် အများပြည်သူကြောက် လန့်ခြင်းပြုလုပ်ပါက ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အရစွဲဆိုခံရမှုများတွင် အစိုးရက တရားလိုဖြစ်ပြီး ပြည်သူ၊ သို့မဟုတ် စာနယ်ဇင်းမီဒီယာများက စွပ်စွဲခံရသူဖြစ်လေ့ရှိကြောင်းသိရသည်။
စစ်ကောင်စီက လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ လက်နက်ဆိုင်ရာ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများကို လွတ်ငြိမ်းခွင့်မပြုကြောင်း ဆိုထားသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ ကျန်ပြစ်မှုများကို ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံ တစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး ထောင် တစ်သက်တစ်ကျွန်းကျခံရသူ ၁၄၄ ဦးကို ၁၅ နှစ်သက်သာခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
နိုင်ငံခြားသားအကျဉ်းသား ၁၈၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူများ၌ တာချီလိတ်တွင် လောင်းကစားကိစ္စဖြင့် ဖမ်းဆီးခံရသူ ထိုင်းနိုင်ငံသားများ၊ မြန်မာ့ရေပိုင်နက်တွင် လာရောက်ငါးဖမ်း၍ ဖမ်းဆီးခံရသူ အင်ဒိုနီးရှား ငါးဖမ်းသင်္ဘောမှ ငါးဖမ်းသင်္ဘောသားများပါဝင်ကာ ယနေ့လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူ စုစုပေါင်း ၅၈၆၄ ဦး ရှိကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကချင်ဝန်ကြီးချုပ်ဟောင်း #ဒေါက်တာခက်အောင်လွတ်
#ပုဒ်မ၅၀၅ဖြင့်အကျဉ်းကျခံရသူများလွတ်
#Ayeyarwaddy_Times