ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ လူငယ်များထံမှ ငွေတောင်းယူမှုများပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

နတ်တလင်းမြို့နယ်၊ ထိပ်ပိတ်အုပ်စုတွင် အသက် ၁၈နှစ်မှ ၃၅ နှစ်ရှိလူငယ်များကို ပြည်သူ့ စစ်မှုထမ်းအကျုံးဝင်သည်ဟုဆိုကာ လူငယ်တစ်ဦးလျှင် တစ်သိန်းကျပ်၊ လူငယ်နှစ်ဦးရှိသည့် နေအိမ်များကို တစ်သိန်းခွဲကျပ်အထိ တောင်းယူကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကျေးပင်စာရေးကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များမှာ အချို့ကျစုပေါင်း၍ (၇၃သိန်းကျပ်) ကို စစ်ကောင်စီလက်အောက်ခံ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ပေးဆောင်းခဲ့ရကြောင်း ဒေသခံများကဆိုသည်။

“မရှိ ရှိတာလေးတွေ ပေးကြရတာ၊ စစ်မှုထမ်းဖို့ အသက်ပြည့်တဲ့အိမ်တွေက ပိုပေးရတယ်။ စစ်မှုထမ်းဖို့ အသက်မပြည့်တာတို့ ယောက်ျားသားမရှိတဲ့အိမ်တွေဆိုရင် လယ်ဧကအနဲအများကို စာရင်း ကောက်ပြီးငွေတောင်းတယ်”ဟု ထိပ်ပိတ်ကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ထိပ်ပိတ်ကျေးရွာအုပ်စုတွင် ထိပ်ပိတ်ကျေးရွာ၊ ဘူးကြီးကျေးရွာ၊ ကျေးပင်စာရေးရွာ၊ ရွာသာယာစသည့် ကျေးရွာလေးရွာရှိပြီး ပြည်သူ့စစ်မှုထမ်းဆောင်ရန် အသက်မပြည့်မိသည့် နေအိမ်များကိုလည် လယ်ဧက အနဲအများအလိုက် စာရင်းကောက်ယူကာ ကျပ်ငွေတစ်သောင်းမှ ကျပ်ငွေ ၃၀၀၀၀ အထိ ထပ်မံတောင်းယူကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိအချိန်ထိ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကျန်တိုင်းများတွင်လည်း ပြည်သူ့စစ်မှုထမ်းနှင့် ရပ်ရွာ လုံခြုံရေးစစ်မှုထမ်းများအကြောင်းပြကာ ယခင်ကထက် ငွေတောင်းယူမှုများကို ပိုမိုလုပ်ဆောင်လာကြကြောင်း စုံစမ်းသိရှိရသည်။

#နတ်တလင်း #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ #ပြည်သူ့စစ်မှုထမ်းအကြောင်းပြ #လူငယ်များ #ငွေတောင်း #Ayeyarwaddy_Times