
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ရက်
မြန်မာ – အိန္ဒိယ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေး ရိဒ် – ဇိုခေါသာရ်နယ်စပ်တံတား ဖြတ်ကျော်ခွင့်ကို အိန္ဒိယဘက်က ပြီးခဲ့သည့် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ တင်းကျပ်ထားကြောင်း နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံများထံက သိရှိရသည်။
အိမ်နီးချင်းနိုင်ငံမှ နိုင်ငံခြားသားများ ဝင်ရောက်လာမှု ပိုမိုများပြားလာခြင်းနှင့် နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် နိုင်ငံခြားသားများထံမှဖြစ်နေသည့်အတွက် အိန္ဒိယအစိုးရက ယခုကဲ့သို့ တင်းကြပ်ထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
“ရိခေါဒါရ်မြို့ကနေ မီဇိုရမ်ဘက် ဝင်ချင်သူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ အုပ်ချုပ်ရေးမှူး ထောက်ခံစာတွေ လိုအပ်တယ်။ အဲဒါကို အိန္ဒိယဘက်က အာသံရိုင်ဖယ်ဆီ တင်ပြရတယ်။ သူတို့ ခွင့်ပြုပေးမှ အဝင် အထွက်လုပ်လို့ ရတယ်” ဟု ရိဒ်ခေါဒါရ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုကဲ့သို့ အိန္ဒိယဘက်မှ နယ်စပ်ဖြတ်ကျော်ခွင့် တင်းကျပ်လိုက်သည့်အတွက် နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံပြည်သူများနှင့် မြန်မာစစ်ဘေးရှောင်များသည် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကလေးငယ်များ၏ ပညာရေးများ ထိခိုက်နစ်နာသွားမည်ဖြစ်သည်။
နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံပြည်သူများနှင့် မြန်မာစစ်ဘေးရှောင်များ နယ်စပ်ဖြတ်ကျော်ခွင့် အဆင်ပြေစေရန်အတွက် မီဇိုရမ်ဒေသတွင်း လူမှုအဖွဲ့အစည်းများ၊ အာသံရိုင်ဖယ်တပ်ဖွဲ့တို့နှင့် HPO/CDF-Hualngoram တို့ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရှိရသည်။
“ကျွန်တော်တို့ CDF-Hualngoram ဘက်ကတော့ ရိခေါဒါရ်(ဟွားငိုလ်ရမ်ဒေသ) ကိုယ်စားပြုအဖွဲ့စည်းအနေနဲ့ ဒေသခံတွေ၊ စစ်ဘေးရှောင်တွေ လွတ်လွတ်လပ်လပ် သွားလာလို့ရအောင် မီဇိုရမ်ပြည်နယ်မှာရှိတဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တွေနဲ့ NGO အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့စည်းတွေနဲ့ တရားဝင်မဟုတ်ပေမဲ့ အပြုသဘောနဲ့ တွေ့ဆုံမှုရှိပါတယ်။ နောက်ထပ်လည်း တွေ့ဆုံဖို့ရှိပါတယ်” ဟု HPO /CDF-Hualngoram တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ရိဒ် – ဇိုခေါသာရ် နယ်စပ်တံတား ဖြတ်ကျော်ခွင့် တင်းကျပ်ထားသည့်အပြင် အနီးနားပတ်ဝန်းကျင်တွင် အဝင်အထွက်ပြုလုပ်ရသည့် နေရာများအားလုံးကိုလည်း အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များက တပ်ချထားပြီး စောင့်ကြည့်နေကြကြောင်း သိရသည်။
#မြန်မာ #အိန္ဒိယနယ်စပ်တံတား #ဖြတ်ကျော်ခွင့်ကို #တင်းကျပ်ထား #Ayeyarwaddy_Times