ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှတဆင့် အခြားပြည်နယ်နှင့် မြို့များသို့ ကုန်စည်ပို့ဆောင်သည့် ယာဉ်များထဲမှ ရှစ်စီးကို စစ်ကောင်စီက နေ့စဉ် ချောဆွဲနေကြောင်း သိရသည်။

ချောဆွဲခံရသည့် ကုန်တင်ယာဉ်များကို စစ်ကောင်စီတပ်သားများပို့ဆောင်ရေးနှင့် ဒဏ်ရာရသူများအား ဆေးရုံပို့ဆောင်ရန်
အတွက် အသုံးပြုနေခြင်းဖြစ်ကြောင်း ကုန်တင်ယာဉ်လုပ်ငန်းရှင်အသိုင်းဝိုင်းမှ​ သိရသည်။

“ ကားလိုင်းတွေက နေ့စဉ်မဲနှိုက်ရတယ်၊​ မဲပေါက်တဲ့ ရှစ်စီးက အသင့်စောင့်နေရတယ်။ အဓိက တိုက်ပွဲဖြစ်တဲ့ ဒေသတွေကို လူပို့ဖို့နဲ့ ဒဏ်ရာရတဲ့သူတွေကို ခေါ်တာမျိုး လုပ်ပေးရတာ”ဟု ဒေသခံ ကုန်တင်ယာဉ်လိုင်းထောင်ထားသူတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီတပ်က ချောဆွဲအသုံးပြုသည့် ကုန်တင်ယာဉ်များအတွက် ဆီဖိုးနှင့် မောင်းကြေး ပေးမပေးကို အတည်ကျမသိရကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် ဂွမြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစတင်ပြီး ကုန်တင်ယာဉ်များအား ချောဆွဲခဲ့သော်လည်း ယာဉ်များမရသည့်အတွက် ကုန်တင်ယာဉ်ထွက်ခွါခွင့်ကို တစ်ပတ်ကြာပိတ်ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကုန်တင်ယာဉ်လိုင်းလုပ်ငန်းရှင်များအသိုင်းဝိုင်းမှ​ သိရသည်။

စစ်ကောင်စီတပ်ချောဆွဲအသုံးမည့် ကားရှစ်စီးသည် နေ့စဉ်် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အသင့်စောင့်ပေးနေရကြောင်း သိရသည်။

ပုသိမ်မြို့တွင် ကုန်တင်ယာဉ် အစီး ၁၀၀ ကျော် သည် အခြားပြည်နယ်နှင့် မြို့နယ်များသို့ ကုန်စည်များ ပို့ဆောင်နေကြောင်း ကုန်တင်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။

#ပုသိမ်မြို့ #ကုန်တင်ယာဉ်၈စီးကို #စစ်ကောင်စီတပ် #နေ့စဉ်ချောဆွဲ #Ayeyarwaddy_Times