ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင်သတင်းအချက်ရရယူခွင့်ကိုထိန်းချုပ်ရန် Facebook လူမှုကွန်ရက်စာမျက်နှာများအပါအဝင် သတင်းမီဒီယာဌာနများနှင့် ဝက်ဆိုက်ဘ်အချို့ကိုပိတ်ပင်ထား၍ VPN ခံပြီးအသုံးပြုနေရချိန်တွင် လိုင်စင်မရှိဘဲ VPN ထူထောင်သူနှင့် ဝန်ဆောင်မှုပေးသူများကို အရေးယူနိုင်မည့် ဥပဒေကို စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ VPN ထူထောင်ခြင်းနှင့် အွန်လိုင်းအလောင်းကစားပြုလုပ်လျှင် ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ဆိုင်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ ၁ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော်မည့် ဝန်ကြီးဌာနကိုမူ ဖွဲ့စည်းနိုင်ခြင်းမရှိသေးဘဲ ဗဟိုကော်မတီဖွဲ့စည်းရာတွင် ဒုတိယသမ္မတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန် ပေးရမည်ဖြစ်ကြောင်းပါဝင်သည်။

လက်ရှိတည်ဆဲဥပဒေအရ အခွင့်အာဏာရှိသူ(စစ်ကောင်စီ)က တောင်းဆိုလျှင် ဒီဂျစ်တယ် ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းလုပ်သူများထံမှ အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များ၊ မှတ်တမ်းများထုတ်ပေးရမည်ဟု စစ်ကောင်စီ၏ ဆိုင်ဘာလုံခြုံရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ VPN ထူထောင်သူနှင့် ဝန်ဆောင်မှုပေးသူတို့ကို ထောင်ဒဏ်အနည်းဆုံး တစ်လမှ ခြောက်လအထိနှင့် ငွေဒဏ် ကျပ် ၁၀ သိန်းမှ သိန်းတစ်ရာအထိချမှတ်မည်ဖြစ်ပြီး သက်သေခံ ပစ္စည်းများကို နိုင်ငံဘဏ္ဍာအဖြစ်သိမ်းမည်ဖြစ်ကြောင်းပါဝင်သည်။

ထို့ပြင် ပြည်တွင်းတွင်မှတ်ပုံတင်ထားပြီး အမျိုးသားဆိုက်ဘာနယ်ပယ်တစ်ခုခုနှင့် ချိတ်ဆက်ထားသည့် နေရာတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြစ်မှကျူးလွန်ပါက ယင်းဥပဒေဖြင့်စီရင်ပိုင်ခွင့်ရှိကြောင်း စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် ဆိုင်ဘာလုံခြုံရေးဥပဒေတွင် ပါဝင်သည်။

စစ်ကောင်စီသည် အင်တာနက်ဝန်ဆောင်မှုပေးသူများ (Internet Provider, MPT ,Ooredoo , 5BB) များတဆင့် VPN App သုံးစွဲမှုများကိုပိတ်ပင်ခိုင်းထားကြောင်း အင်တာနက်သုံးစွဲသူများထံက သိရသည်။

အဆိုပါဥပဒေတွင် အသုံးပြုသူ တစ်သိန်းအထက်ရှိသော ဒီဂျစ်တယ်ပလက် ဖောင်းဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူသည် မှတ်ပုံတင်ထားခြင်းမရှိလျှင် ကျပ်သိန်း ၁၀၀၀ အောက်မလျော့သည့် ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း ပါဝင်သည်။

ထို့ပြင် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ်တည်ထောင်ခြင်းနှင့် အများပြည်သူကြည့်ရှုဖို့ မသင့်လျော်သော သတင်းအချက် အလက်ကိုအီလက်ထရောနစ်နည်းပညာဖြင့်ဖြန့်ဝေလျှင် ထောင်ဒဏ် နှင့် ငွေဒဏ်ပေးဆောင်ရမည်ဟု စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် ဆိုင်ဘာလုံခြုံရေးဥပဒေတွင် ဖော်ပြထားသည်။

#ဆိုင်ဘာလုံခြုံရေးဥပဒေ #VPN #အွန်လိုင်းအလောင်းကစား #လိုင်စင်မရှိလျှင်ဖမ်းမည် #စစ်ကောင်စီ #Ayeyarwaddy_Times