နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တရားလက်လွတ် သတ်ဖြတ်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ခုနှစ်ထောင်ကျော်ရှိကာ ယခင်နှစ်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံက သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စစ်ကိုင်းတိုင်း၌ အများဆုံးဖြစ်ပွား ကျူးလွန်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယနေ့ ဇန်နဝါရီ ၃ ရက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“၂၀၂၃ နဲ့ ယှဉ်ကြည့်မယ်ဆိုရင် နှစ်ဆနီးပါးလောက် မြှင့်တက်သွားတဲ့ သဘောရှိတယ်။ စစ်ကောင်စီက မြေပြင်မှာ ကျရှုံးမှုတွေရှိလာလေ ပြည်သူလူထုအပေါ်မှာ ပိုပြီးရက်ရက်စက်စက် သတ်ဖြတ်၊ လူ့ အခွင့်အရေး ချိုးဖောက်တာတွေ များများလုပ်လာခဲ့တယ်” ဟု လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကပြောသည်။

စစ်ကောင်စီ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအနက် တရားလက်လွတ် သတ်ဖြတ်မှုမှာ ၁၇၈၇ မှုထိရှိပြီး အများဆုံးဖြစ်ပြီးကာ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်း ၁၃၅၅ မှု၊ အခြား ကျူးလွန်မှု ၁၂၄၅ မှု၊ အတင်းအဓမ္မ ခိုင်းစေခြင်း ၇၆၈ မှု စသည့်ချိုးဖောက်မှု စုစုပေါင်း ၇၃၉၄ မှုရှိကြောင်း သိရသည်။

ထို့အပြင် တိုင်း/ပြည်နယ်အလိုက် ကျူးလွန်မှုများတွင် စစ်ကိုင်း ၁၁၅၂ မှု၊ ပဲခူး ၁၀၄၂ မှု၊ ရခိုင် ၉၈၈ မှု၊ မန္တလေး ၈၇၄ မှု၊ မကွေး ၇၆၀ မှု၊ ရှမ်း ၆၀၀ မှု စသည်တို့အပါအဝင် မြန်မာပြည်ပြင်ပ ၃၂ မှုထိရှိပြီး ယခင်နှစ်ကမူ လူ့အခွင့်အရေး ချိုးဖောက်မှု ၄၃၇၂ မှုရှိခဲ့ကြောင်း သိရသည်။

ယင်းအချက်များကို ကြည့်မည်ဆိုလျှင် လက်ရှိစစ်ကောင်စီ ကျူးလွန်နေမှုသည် သာမန်လူ့အခွင့်အရေး ချိုးဖောက်မှုတွင်သာမက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု၊ လူသားမျိုးနွယ် တစ်ခုလုံးကို ကျူးလွန်သည့် ရာဇဝတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှုတို့ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။

“အဲဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေထဲမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ရာဇဝတ်မှု သုံးမှုကို ရွေးချယ်ပြီတော့ စုဆောင်းတင်ပြတာ၊ ဒါနဲ့ပတ်သက်ပြီး အရေးယူနိုင်ဖို့ လုပ် ဆောင်နေပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေဖြင့် ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန်၊ ယခုကဲ့သို့ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်နေသော စစ်ကောင်စီကို အရေးယူနိုင်ရန် အတွက် နိုင်ငံတကာတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စိန်ခေါ်မှုများလည်း တွေ့ကြုံရင်ဆိုင်နေရကြောင်း သိရသည်။

#၂၀၂၄ခုနှစ် #စစ်ကောင်စီ #တရားလက်လွတ်သတ်ဖြတ်မှုများ #လူ့အခွင့်အရေးချိုးဖောက်မှု #၇၀၀၀ကျော် #၂ဆနီးပါးမြင့်တက် #NUG #Ayeyarwaddy_Times