
ဧရာဝတီတိိုင်းမ်
ဇန်နဝါရီ ၃ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးများ ဆိုးဝါးစွာပြတ်တောက်နေပြီး မီးလာချိန် မိနစ်ပိုင်းသာ ရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
မြောင်းမြမြို့နယ်အတွင်း တစ်နေ့လျှင် လျှပ်စစ်မီးရရှိချိန် ပျှမ်းမျှမိနစ် ၂၀ ခန့်သာရှိပြီး မီးပျက်သည့်အချိန်က များနေကြောင်း ဒေသခံများက ပြောသည်။
“ပေးရင်လဲ တစ်နေ့တစ်နာရီလောက်ပဲပေးပါ။ ခုက တစ်ခါလာမှ မိနစ် ၂၀ နဲ့ ၁၅မိနစ်လောက်က ဘာမှ လုပ်လို့မရဘူးလေ။ ထမင်းဟင်းချက်မရ၊ ရေတင်မရနဲ့ဒုက္ခရောက်တယ်”ဟု မြောင်းမြမြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပုသိမ်မြို့နယ်တွင် နေ့စဉ် မီးလာချိန်မိနစ်ပိုင်းသာမီးရခြင်း မီးလာချိန်တွင်လည်း မီးအားလုံလောက်မှုမရှိခြင်းများကြောင့် အသေးစားစက်မှုလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲကြုံနေကြောင်း သိရှိရသည်။
“လျှပ်စစ်မီးနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်နေရတဲ့သူတွေအတွက် နစ်နာရပါတယ်၊ မီးရရေးအတွက် ဆိုလာတို့၊ မီးစက်တို့အသုံးပြုရတဲ့အတွက် လည်း၀န်ဆောင်မှုစရိတ်တွေ ပိုကြီးလာတာပေါ့။ အလှည့်ကျသတ်မှတ်ပြီး တစ်နာရီဆိုတစ်နာရီလောက်အတိအကျပေးစေချင်တယ်”ဟု ဖုန်းပြုပြင်ရေး ဆိုင်ပိုင်ရှင်တစ်ဦးမှဧရာ၀တီတိုင်မ်းကို ပြောသည်။
ဧရာ၀တီတိုင်းအတွင်းရှိမြို့နယ်များတွင် ယခင်က တစ်နေ့လျှင် လေးနာရီခန့် လျှပ်စစ်မီး အလှည့်ကျ ရရှိခဲ့သော်လည်း၂၀၂၅ ခုနှစ် အစပိုင်းတွင် မိနစ်ပိုင်းသာရရှိသည့်အခြေအနေနှင့် ကြုံနေရခြင်း ဖြစ်သည်။
#ဧရာ၀တီတိုင်း #မြို့နယ်အချို့တွင် #မိနစ်ပိုင်းသာ #လျှပ်စစ်မီးရရှိ #Ayeyarwaddy_Times