နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

စစ်ကောင်စီက ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အသုံးချရန် ကိုယ်ထူကိုယ်ထ ကောက်ယူခဲ့သော ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် ရှေ့ပြေးလူဦး ရေစာရင်းမှာ ဘတ်ဂျက်သန်းချီ ကုန်စေပြီး မှန်ကန်မှုရှိမနေကြောင်း စောင့်ကြည့်သူများက ထောက်ပြသည်။

အဆိုပါ သန်းခေါင်စာရင်းကို ပြီးခဲ့သည့် အောက်တိုဘာက ကောက်ယူခဲ့ပြီး ရှေ့ပြေးအချက်အလက်များအရ မြန်မာ့လူဦးရေမှာ ၅၁ သန်းနှင့် ၃ သိန်းကျော် (၅၁,၃၁၆,၇၅၆)ရှိကာ ထိုအနက်မှ လူဦးရေ ၃၂ သန်းကျော် (၃၂,၁၉၁,၄၀၇)ကို စာရင်းကောက်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်သည်။

တိုင်းပြည်တည်ငြိမ် အေးချမ်းနေသည့် ကာလတွင်ပင် သန်းခေါင်စာရင်း ကောက်ယူမည်ဆိုလျှင် အပြည့်အဝ မှန်ကန်ခြင်းမရှိနိုင်သလို ယခုကဲ့သို့ တိုင်းပြည်စစ်မီး တောက်လောင်နေချိန်တွင် ကောက်ယူမှုသည် မည်ကဲ့သို့မှ မှန်နိုင်ချေရှိမည်မဟုတ်ကြောင်း စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စာရင်းမကောက်ယူနိုင်သည့် ဒေသများရှိ ခန့်မှန်းလူဦးရေမှာ ၁၉ သန်းကျော် (၁၉,၁၂၅,၃၄၉)ရှိပြီး လုံခြုံရေးအရ မြို့နယ်ပေါင်း ၃၃၀ အနက်မှ ၁၄၅ မြို့နယ်သာ ရာနှုန်းပြည့် ကောက်ယူနိုင်၍ ကျန် မြို့နယ်များတွင် တစ်စိတ်တစ်ဒေသကောက်ယူနိုင်ခြင်း မရှိခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

“သန်းခေါင်စာရင်း ကောက်တုန်းက ဂွ၊ အမ်း၊ မောင်းတော၊ ဗန်းမော်၊ မံစီတို့မှာ ကောက်လို့ရသေးတယ်။ အခု ပါကုန်ပြီ။ ဖြစ်ရုံလာမေးသွားတယ် ပြောကြတယ်။ သိပ်ပြီး လေးလေးနက်နက်လည်း ဟုတ်မနေပါဘူး” ဟု အမည်မဖော်လိုသူ လေ့လာစောင့်ကြည့်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုကာလက တိုင်းပြည်နှင့် ပြည်သူလူထုသည် စစ်ဒဏ်အပြင် သဘာဝ ဘေးအန္တရာယ် ရေဘေးဒဏ်ကိုပါ ကြုံတွေ့ခံစားနေရပြီး စစ်ကောင်စီကမူရေဘေးကူညီ ကယ်ဆယ်ရေးထက် ဘတ်ဂျက်ငွေ ဒေါ်လာသန်းချီ သုံးစွဲ၍ သန်းခေါင်စာရင်းကောက်ယူရန်အတွက် အတင်းအဓမ္မ ပြင်ဆင်ကောက်ယူခဲ့ခြင်းဖြစ်သည်။

“အခုကနဦး တွေ့ရှိချက်မှာ ၃၇ ရာခိုင်နှုန်းက မြေပြင်လက်တွေ့ မဟုတ်ဘဲ၊ ကောင်းကင်မြေပုံနဲ့ ခန့်မှန်းတွက်ချက်မှုဆိုတော့ မှန်းဆယူတာ ရာခိုင်နှုန်းများတယ်။ နိုင်ငံတကာ လက်ခံ/မခံတော့ မသိရဘူး။ သုတေသန သဘောအရဆိုရင် ယုံကြည်ကိုးစားရမှု reliability (ယုံကြည်စိတ်ချရမှု) အားနည်းတယ်” ဟု လေ့လာစောင့်ကြည့်သူက ဆိုသည်။

စစ်ကောင်စီကမူ ၎င်းတို့အနေဖြင့် ပြည်သူများ၏ ဖြေကြားချက်နှင့် အချက်အလက်များကို လုံခြုံစိတ်ချမှု ရှိစေရန်၊ ဘက်လိုက်သော ခန့်မှန်းမှုများ မရှိစေရန်အတွက် အထူးအလေးထား ဆောင်ရွက်သည်ဟု ဆိုထားပြီး ပြည်သူများက စစ်ကောင်စိကို ယုံကြည်မှုမရှိဘဲ စိုးရိမ်ပူပန်ကာ ပူးပေါင်းဆောင်ရွက်မှုနည်းပါးခဲ့ကြောင်း မြေပြင်အချက်အလက်များအရ သိရသည်။

“ဘာကိုသွားပြီး ပြန်ပြောင်းသတိရစေလည်းဆိုတော့ ၂၀၀၈ ကာလတုန်းက နာဂစ်ဖြစ်နေချိန်မှာတောင် ခြေ/ဥကို ဇွတ်အတည်ပြုခဲ့တယ်။ အဲဒီလို တိုင်းပြည်နဲ့ ပြည်သူဘာဖြစ်ဖြစ် သူတို့အာဏာ တည်မြဲရေး၊ တရားဝင်မှုရရေးအတွက် လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ ဖက်ဆစ်ရဲ့ စရိုက်အတိုင်း လုပ်တာပါပဲ” ဟု ကိုစိုးဝင်းဆွေက ဆိုသည်။

ယင်းမတိုင်ခင် ကောက်ယူခဲ့သော ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းသည် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါး ကုန်ကျခဲ့ပြီး မြန်မာအစိုးရက ဒေါ်လာ ၁၅ သန်း စိုက်ထုတ်ရကာ ကျန်ငွေများနှင့် နည်းပညာကို ကု လသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)အပါအဝင် နိုင်ငံတကာမှ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ၁၀ နှစ်အကြာ စစ်ကောင်စီက ပြန်လည်ကောက်ယူသည့် ၂၀၂၄ သန်းခေါင်စာရင်းကိုမူ UNFPA က လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ကူညီပံ့ပိုးမည်မဟုတ်ဟု အတည်ပြု ထုတ်ပြန်ထားသလို ကမ္ဘာ့နိုင်ငံ အများစုကလည်း အာဏာသိမ်းမှုအပေါ် လက်ခံခြင်းမရှိ၍ ကူညီပေးမှုမရှိကြောင်း သိရသည်။

“ကွာခြားချက်က တစ်ချိန်တုန်းက UN ၊ နိုင်ငံတကာကူညီမှု ပါဝင်ပတ်သက်မှုတွေရှိတယ်။ အခုက ကိုယ့်ဘာသာ အိပ်စိုက်ဆောင်ရွက်ရတာ။ လုံခြုံရေးအခြေအနေတွေကလည်း မပေးဘူး။ အဲသလောက် ငွေတွေ ကုန်ပြီး ပလုံသွားရင် ဘာလုပ်မှာလဲ” ဟု အထက်ဖော်ပြပါ လေ့လာစောင့်ကြည့်သူ အမျိုးသားက ပြောသည်။

စစ်ကောင်စီသည် သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီမရှိဘဲ ဒေါ်လာသန်းချီသုံး၍ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ကာ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (CAPI) နည်းပညာဖြင့် Mobile Tablet များ အသုံးပြုပြီး ယခင်ထက် မေးခွန်းပုံစံများ တိုးမြှင့်ကောက်ယူခဲ့ကြောင်း ဆိုထားသည်။

ယင်းအပြင် ပင်မအစီရင်ခံစာကိုလည်း အသေးစိတ်ပြုစုကာ ၂၀၂၅ ခုနှစ်မကုန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်း/ပြည်နယ်အလိုက် အစီရင်ခံစာများ၊ ဘာသာရပ်အလိုက် သုတေသန စာ တမ်းများလည်း ဆက်လက်ပြုစု ထုတ်ပြန်သွားမည်ဟု စစ်ကောင်စီက ပြောကြားထားသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#စစ်ကောင်စီ #ရှေ့ပြေးလူဦးရေစာရင်း #ဘတ်ဂျက်ငွေ #ဒေါ်လာသန်းချီကုန် #မှန်ကန်မှုမရှိ #Ayeyarwaddy_Times