ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

ယခုရက်ပိုင်းအတွင်း ကမ္ဘောဇဘဏ်၏ K pay အကောင့်များထဲမှ အပ်နှံငွေခိုးယူခံရမှုများသည် စစ်ကောင်စီက ငွေလိုအပ်ချက်ရှိ၍ ပြည်သူ့အပ်နှံငွေများကို ပုံစံတစ်မျိုးဖြင့်ယူဆောင်ခြင်းဖြစ်နိုင်ပြီး ဘဏ်များတွင်အလုံးစုံတာဝန်ရှိသည်ဟု ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူများ၏ ပြောကြားချက်အရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းမျိုးမျိုးပြကာ ငွေပေးချေရေးအကောင့် K-pay အပါအဝင် အကောင့်အများစုကို ယာယီပိတ်သိမ်းခြင်း freeze လုပ်ထားရာမှ ယခုအခါတွင် အကြောင်းပြ စရာမရှိသဖြင့် ပြည်သူ့ငွေများကိုခိုးယူခြင်းဖြစ်နိုင်ကြောင်း ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။

မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ဘဏ်များတွင် အပ်နှံထားသည့်ငွေကြေးဆိုင်ရာကိစ္စဖြစ်ပြီး ဘဏ်များတွင်တာဝန်ရှိကြောင်း၊ ငွေဆုံးရှုံးသွားသူက complaint တက် တိုင်ကြား ရာတွင် ဘဏ်များက လက်ခံကာ ငွေကြေးစုံစမ်းထောက်လှမ်း ရေး ရဲတပ်ဖွဲ့ဆီအမှုတွဲတင် ပေးရမည်ဖြစ်ပြီး ဗဟိုဘဏ် ကြီးကြပ်မှုဖြင့်ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“ စစ်ကောင်စီကလိုငွေ အရမ်းပြနေတယ်။ အဲဒီမှာငွေမည်းလည်းမရတော့ လူထုအပ်နှံငွေတွေကို ပုံစံတစ်မျိုးနဲ့ ပြန်ယူနေပုံရတယ်။ အရင်လို K-pay account တွေကို freeze လုပ်ဖို့လည်း အကြောင်း ပြချက် မလုံလောက်တော့ဘူး။ မြို့ပေါ်က အသက်ရှုနည်းနည်းချောင်တဲ့လူတွေရဲ့ စုငွေကိုလှမ်းနှိုက်တာ” ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခု ၂ ရက်တာအတွင်း ညဦးပိုင်းအချိန်၌ K-pay အကောင့်များမှငွေကြေးခိုးယူခံရမှုတွင် သုံးစွဲသူက မည်သည့် ကိစ္စမှမပြုလုပ်ရဘဲ K-pay အကောင့်ထဲက ပိုက်ဆံများ အလိုလိုလွှဲပြောင်းသွားခြင်း၊ Kpay နှင့် Bank အကောင့် ချိတ်ဆက်ထားရာမှငွေလွှဲပြောင်းသွားခြင်းဖြစ်ပြီး နစ်နာသူ ၂၀ နီးပါးရှိကြောင်း စုံစမ်းသိရသည်။

“ အိပ်နေတဲ့အချိန်မှာ KBZ ဘဏ် ထဲကပိုက်ဆံတွေကို K-pay ထဲရွေ့ပြီးတော့ အခိုးခံလိုက်ရတယ်။ ငွေအားလုံး ၈၄ သိန်းကိုခွဲထုတ်သွားတယ်။ ဘဏ်မှာအကောင့်ပိတ်ထားပြီ။ KBZ ဘဏ်က တာဝန်ယူမှု တာဝန်ခံမှုမရှိပါဘူး။ သူတို့ဘဏ်ကြောင့်မဟုတ်ဘူးပြောတယ်။ ဘာ app မှထည့်ထားတာလည်းမရှိဘူး” ဟု K-pay ထဲမှ ငွေများသိန်းချီအခိုးခံရသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါငွေကြေးအခိုးခံရမှုနှင့်ပတ်သက်ပြီး K-pay ဌာနက တာဝန်ယူ၊ တာဝန်ခံမှုမရှိကြောင်း၊ ပိုက်ဆံအခိုးရမှုကို ရဲစခန်းတိုင်ကြားပြီး အမှုဖွင့်ခိုင်းခြင်းသာပြုလုပ်ခိုင်းကြောင်း ငွေကြေးအလိမ် ခံရသူများ ထံက သိရသည်။

“တကယ်ဆိုရဲစခန်းတိုင်ရမှာက ပြည်သူ့အလုပ်မဟုတ်ဘူး။ ဘဏ် application ကနေ အခိုးခံရ တာဖြစ်တယ်။ ကိုယ့်အိမ်ကငွေကိုလာခိုးတာမဟုတ်ဘူး။ အခုဖြစ်နေတာက သူတို့မသိပါဘူးဆိုပြီး အမှုတောင်လက်မခံဘူး” ဟု ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် လက်ရှိအငြင်းပွားနေသည့် ဆင်းမ်ကတ်အသုံးပြုမှုနှင့် နည်းပညာပိုင်းနားလည်မှုအပါအဝင် အွန်လိုင်း လိမ်လည်မှုဖြစ်စဉ်များကို ပြန်လည်သုံးသပ်ကြည့်ပါက ယခုငွေကြေးအလိမ်ခံရမှုများသည် KBZ ဘဏ် တစ်ခုတည်းတွင်သာ ဖြစ်ပေါ်နေကြောင်းသိရသည်။

ယင်းပြင် ယခင်ကဖြစ်ပေါ်သော လိမ်လည်မှုများတွင် KBZ ဝန်ထမ်းအယောက်ဆောင်ခြင်း၊ ဖုန်းဆက် လိမ်လည်ခြင်းနှင့် K -pay အကောင့်အဆင့်မြင့်တင်ရန်ဟုဆိုကာ OTP ကုတ်တောင်းခြင်းများ ပြုလုပ်ကာ လိမ်လည်ခဲ့ကြသည်။

အဆိုပါငွေလိမ်ခံရသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ အမြန်ဆုံးစိစစ်နေနေပြီး စစ်ကောင်စီ ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှမ်မှုအတိုင်းစုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းတွင် KBZ Pay က ထုတ်ပြန်သည်။

ငွေကြေးလိမ်လည်ခံရသူများတွင် သုံးစွဲသူ၏မှားယွင်းမှုကြောင့်မဟုတ်ဘဲ အခြားအကြောင်းကြောင့် လိမ်လည်ခံရမှုအတွက်ဆုံးရှံးမှုမရှိစေရေးအတွက် တာဝန်ရှိသူများ အနေဖြင့်ပူးပေါင်းစိစစ်နေကြောင်း၊ လိမ်လည်ခံရသူများတိုင်ကြားနိုင်ရေး စံလုပ်ငန်းကိုထုတ်ပြန်ထားကြောင်း ဗဟိုဘဏ်က အသိပေး ထုတ်ပြန်ထားသည်။

အွန်လိုင်းလိမ်လည်ခံမှုများတွင် ၂၀၂၃ ခုနှစ် ၁၇၆ မှု၊ ၂၀၂၂ ခုနှစ် ၁၂၉ မှု၊ ၂၀၂၁ ခုနှစ် ၇၈ မှု ၊ ၂၀၂၀ ပြည့်နှစ် ၁၄၂ မှု၊ ၂၀၁၉ ခုနှစ် ၁၁၆ မှုရှိပြီး နှစ်စဉ် မြန်မာကျပ်ငွေ ငါးဘီလီယံနှင့်အထက်ဆုံးရှုံးနစ်နာရကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနထံက သိရသည်။

ငွေစုဘဏ်လုပ်ငန်းဥပဒေတွင် မည်သူမျှစုငွေတစ်စုံတစ်ရာကို လိမ်လည်ထုတ်ယူခြင်း၊ ယင်းသို့ ထုတ်ယူရန်ကြိုးစားအား ထုတ်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်းခြင်းမပြုရဟု ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိချမှတ်ခြင်းခံရနိုင်ပြီး သက်သေခံ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည် ဖြစ်ကြောင်းပြဌာန်းထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#KBZ #Kpay #ပိုက်ဆံခိုးခံရမှုများပြား #သုံးစွဲသူ #ငွေစုသူနစ်နာ #အွန်လိုင်းလိမ်လည်မှု #Ayeyarwaddy_Times