
အဝေးပြေးကားစီးမယ့် ခရီးသည်တွေရဲ့ နေထိုင်တဲ့နေရပ်လိပ်စာနဲ့ သွားရောက်မယ့်လိပ်စာတောင်းခံဖို့ စစ်ကောင်စီညွှန်ကြား
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၀ ရက်
အဝေးပြေးကားတွေနဲ့ခရီးသွားလာမယ့် ခရီးသည်တွေလက်မှတ်ဖြတ်ရင် နေရပ်လိပ်စာကိုပါ မှတ်တမ်းရယူထားဖို့ စစ်ကောင်စီက အဝေးပြေးယာဥ်လိုင်းတွေကိုညွှန်ကြားလာတယ်လို့ ရန်ကုန်မြို့အခြေစိုက်အဝေးပြေးယာဥ်လိုင်းတွေဆီကသိရပါတယ်။
ကားဂိတ်ကလက်မှတ်ဖြတ်စီးတဲ့ခရီးသည်တွေရော လမ်းတက်ခရီးသည်တွေပါ လက်ရှိနေထိုင်တဲ့နေရပ်လိပ်နဲ့သွားရောက်မယ့်ဒေသကနေရပ်လိပ်စာကိုပါ ကားလိုင်းတွေကိုကောက်ယူခိုင်းပြီး Seating Plan မှာထည့်သွင်းဖော်ပြခိုင်းတယ်လို့ အဝေးပြေးယာဥ်လိုင်းတာဝန်ခံတဦးကပြောပါတယ်။
” အရင်ကတော့ နာမည်၊ဖုန်းနံပါတ် မှတ်ပုံတင်နံပါတ် ဒီလောက်ဘဲ။ အဓိက က အာကာသယာဥ်လိုင်းဖြစ်တဲ့ကိစ္စမှာ လမ်းတက်တဲ့ခရီးသည်ကနေဖြစ်တာဆိုပြီး ဂိတ်စီးရော၊လမ်းတက်ရော ခရီးသည်တွေဆီက ခုလက်ရှိနေတဲ့လိပ်စာ၊ နောက် ဥပမာနေပြည်တော်သွားမယ်ဆို နေပြည်တော်သွားမယ့်လိပ်စာတွေပါ တောင်းပြီး Seating Planမှာရေးခိုင်းထားတာ။
သူတို့စစ်ရင်အလွယ်တကူကြည့်ဖို့ပေါ့” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက်ယာဥ်လိုင်းတခုရဲ့တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အာကာသခရီးသည်တင်ဖြစ်စဥ်ပြီးနောက် စစ်ကောင်စီတပ်က ခရီးသည်တင်အဝေးပြေးကားတွေကို ယခင်ထပ်ပိုမိုတင်းကျပ်စစ်ဆေးနေပြီး စစ်ကိုင်းတိုင်းနဲ့ စစ်ကိုင်း တိုင်းအတွင်းလမ်းတွေကိုဖြတ်သန်းသွားလာတဲ့ အဝေးပြေးယာဥ်တွေကို ပိုပြီးအသေးစိတ်စစ်ဆေးတာတွေလုပ်ဆောင်လာတယ်လို့ အဝေးပြေးကားယာဥ်မောင်းတွေဆီကသိရပါတယ်။
ဒါ့အပြင် ခရီးတင်အဝေးပြေးကားတွေကို စစ်ကောင်စီက တန်ဆာလက်ခံခြင်းကန့်သတ်မှု၊ တန် ဆာတင်ဆောင်ခြင်းကန့်သတ်မှုတွေပိုမိုလုပ်ဆောင်လာလို့ ယာဥ်လိုင်းအများစုအခက်တွေ့လာတယ်လို့ အဝေးယာဥ်လိုင်းတွေဆီကသိရပါတယ်။
ဓာတ်ပုံ – Elite ရန်ကုန်ကားဂိတ်။(ပုံဟောင်း)
#AyeyarwaddyTimes