
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ရက်
ဗန်းမော်နှင့် မံစီမြို့ရှိ စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်နေရာ ဗန်းမော်ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) မှ စစ်ကောင်စီတပ်အရာရှိများ စတင်ထွက်ပြေးနေကြောင်း သိရသည်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းအများစုနှင့် ဗန်းမော်တက္ကသိုလ်တို့ကို KIAက ထိန်းချုပ်ထားရာ စစ်ကောင်စီတပ်များသည် စကခ ၂၁အတွင်း ပူးပေါင်းခံစစ်ဆင်နေရာမှ ယခုရက်ပိုင်းအတွင်း အရာရှိများ ထွက်ပြေးနေကြကြောင်း သိရသည်။
“ထွက်ပြေးတဲ့တပ်တွေ ရွှေကူဘက်ကိုပြေးတာ KIA က ရေကြောင်းကပါပိတ်ထားလို့ ပြန်ကိုထွက်ပြေးရတယ်။ မိုးညှင်းကလည်း မိုင် ၅၀လောက်ကွာနေတယ်။ ကြာဖြတ်တိုက်ခိုက်ခံရမှာ အသေအချာပဲ။ ပြေးတဲ့အဖွဲ့တွေ ပြန်မိမှာ အသေအချာပဲ” ဟု ကချင်သတင်းရင်းမြစ်ကပြောသည်။
ယမန်နေ့ ဇန်နဝါရီ ၁ရက်နေ့ကလည်း ဗန်းမော်မြို့အနီးရှိ ခလရ ၄၇တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ထွေအုပ်ရုံးအနီးတွင်လည်း တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ခုနစ်ကြိမ်လာရောက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာ ၃၁ရက်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီနှင့် KIA တို့ ဝင်းလိုက်ဟိုတယ်နှင့် သိမ်တော်ကြီးဝင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဗန်းမော်မြို့ ၄မိုင်အနီးတိုက်ပွဲမှ စစ်ကောင်စီအချို့ လက်နက်ချ အညံ့ခံမှုများရှိပြီး KIAက လက်နက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့သည့် ဗန်းမော်နှင့် မံစီတိုက်ပွဲတွင် စစ်ကောင်စီ တပ်စခန်းအများစုသိမ်းယူခံရပြီး စစ်ကောင်စီက လေကြောင်းမှ ဆက်တိုက်ပစ်ကူပေးခဲ့သည်။
စစ်ကောင်စီ၏ မြေပြင်ထောက်ပို့လမ်းကြောင်းများကို KIA က ပိတ်ဆို့ထား၍ စစ်ကောင်စီသည် မံစီရှိ တပ်ရင်းများထံ လေကြောင်းမှ လေထီးဖြင့် လက်နက် ၊ခဲယမ်းနှင့် ရိက္ခာတို့ ပို့ဆောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)
#ဗန်းမော် #စကခ၂၁ #စစ်ကောင်စီ #အရာရှိများ #ထွက်ပြေး #Ayeyarwaddy_Times