ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

ပဲခူးတိုင်း၊ ပြည်မြို့၊ ဥသျှစ်ပင်အနီး တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကို အာရက္ခတပ်တော် (AA) က ထိုးစစ် ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ပြည်မြို့၊ ဥသျှစ်ပင်အနီးရှိ တောင်ပုံကြီးစခန်းကို ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး AAက ဝင်ရောက်တိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

“လေကြောင်းနဲ့ဗုံးကြဲလို့ ရွာသားတွေသေတာ၊ ထိတာ များတယ်။ ဟိုတလောကမှ ဥသျှစ်ပင်နားက ကျေးရွာတွေ ဗုံးခိုကျင်းတူးတာကို မြေပြန်ဖို့ခိုင်းတာတွေလည်းရှိတယ်။ ခုတိုက်ပွဲကပြင်းထန်နေတာ”ဟု တပ်သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် တောင်ပုံကြီးနှင့် အနီးနားကျေးရွာများဖြစ်သော သပြေ၊ စွပ်ပျက်၊ မိုက်ခရို စသည့် ကျေးရွာများနှင့် ရခိုင်ရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေကြောင်း သိရသည်။

ပြည်မြို့သို့ စစ်ရေးရောက်ရှိလာနိုင်သည် ဆိုခြင်းကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ နောက်ဆုံးပတ်က ဥသျှစ်ပင်ရှိ စစ်ကောင်စီမိသားစုဝင်များ ပုသိမ်နှင့် ပြည်မြို့ပေါ်သို့ ဖောကားများဖြင့် ထွက်ပြေး ကြကြောင်း ဒေသခံများထံက သိရသည်။

ယခုဖြစ်ပွားသည့်တိုက်ပွဲမှာ တောင်ကုတ်နှင့် ပြည်ဆက်စပ်နေသည့် တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်ရှိ စစ်ကာင်စီ၏နောက်ဆုံးကျန်နေသည့် တောင်ပုံ ကြီးစစ်စခန်းကို AA က သိမ်းယူလို၍ တိုက်ပွဲပြင်း ထန်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် AA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့က ပြည်တွင်းရေးကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ပြီးနောက် တောင်ကုတ်- ပြည်-ပန်းတောင်းလမ်းတွင် တိုက်ပွဲဖော်ဆောင်လာခြင်းဖြစ်သည်။

#ပဲခူး #ပြည် #ဥသျှစ်ပင် #စစ်ကောင်စီ #တောင်ပုံကြီးစစ်စခန်း #AAတိုက်ခိုက် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times