ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ရက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းအတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုး‌နေသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ရက်နေ့က ကူတော်ရဲကင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများကို ကယ်ထုတ်သွားကြောင်း ဒေသခံများထံက သိရသည်။

ကူတော်ရဲကင်းစခန်းသည် ကတုတ်ကျင်းများ ဘန်ကာများအခိုင်အမာပြုလုပ်ထားပြီး စစ်ကောင်စီ အင်အား ၃၀ ခန့်တပ်စွဲနေထိုင်ကာ ဘုတလင်မြို့နှင့် ၁၀မိုင်ခန့်အကွာတွင် တည်ရှိသည်။

“ကူတော်ရွာကို စစ်ကောင်းထိုးပြီး ပြန်တက်လာတဲ့အထဲက နောက်ချန်ထားခဲ့တဲ့ စစ်သားနဲ့ ရဲတွေကို ပြန်လာကယ်ထုတ်သွားတာ” ဟု ဘုတလင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ရက်နေ့က မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ထွက်လာသည့် အင်အား ၁၀၀ပါ စစ်ကြောင်းသည် ဘုတလင်မြို့ကျေးရွာများကို စစ်ကြောင်းထိုးလာပြီး ကူတော်ရွာ ရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်သွားကြောင်း သိရသည်။

အဆိုပါ နမခ မှထွက်လာသည့် စစ်ကြောင်းသည် ကျေးရွာများမှ ဒေသခံ ၂၀၀နီးပါးကိုလည်း လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဘုတလင်မြို့အနီး တလိုင်းရွာနားတွင်လည်း ဈေးရောင်းနေသည့် ကိုသော်ဇင်ဖြိုးကိုလည်း ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးရာတစ်လျှောက် ဖမ်းဆီးခံထားရသည့် ဒေသခံ ၂၀၀ နီးပါးအနက်မှ အမျိုးသမီးတချို့ကို ဒီဇင်ဘာ ၂၉ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်သူများကို ဆက်လက်ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

ရွာစဉ်တ‌စ်လျှောက်စစ်ကြောင်းထိုးလာပြီး ဒေသခံများကို ဖမ်းဆီးထားသည့် စစ်ကြောင်းသည် ယခုဆိုလျှင် အင်အား ၁၀၀ ကျော်ရှိနေပြီး ဘုတလင်မြို့ ထွေအုပ်ရုံး အနီးတွင် နှစ်နေရာခွဲ၍ တပ်စွဲ နေရာယူထားကြောင်း သိရသည်။

ဓာတ်ပုံ- Budalin mobile Team-BMT
ပုံစာ- စစ်ကောင်စီတပ်များ တပ်ဆုတ်သွားသည့် ကူတော် ရဲစခန်း
#ဘုတလင် #ကူတော်ရဲစခန်း #စစ်ကောင်စီ #စစ်ကြောင်းကယ်ထုတ် #Ayeyarwaddy_Times