ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဇန်နဝါရီ ၂ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အမဲခေါင်ကျေးရွာအုပ်စု၊ ရမ်းနဂါးကျေးရွာတွင် တည်ရှိနေသည့် ဟိန္ဒူဘုရားကျောင်းပေါ်သို့ စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီး နှစ် လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ရမ်းနဂါးဟိန္ဒူဘုရားကျောင်း ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဘုရားကျောင်းနှင့် အနီးတစ်ဝိုက်ရှိ ဟိန္ဒူဘာသာဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘုရားကျောင်းက လမ်းဘေးမှာပါ နားခိုတဲ့ဆိုင်ကယ်တွေ စက်ဘီးတွေနဲ့ လူတွေပါသေဆုံးကုန်တာပါ” ဟု ဖြူးဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုထားသည်။

စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သူ ခုနစ် ဦးမှာ ဦးရာလစ်(၄၅) နှစ်၊ ဆူနီလ်(၃၅)နှစ်၊ ဒေဝဒါတ်(၅၅) နှစ်၊ နန်းကူယာ(၄၂) နှစ်၊ ဂိုသင်ဒါ(၃၂) နှစ်၊ ချိုတဲလိုလ်(၃၅) နှစ်၊ မောင်ဇော်မျိုးဦး(၄၁) နှစ် တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပထမအကြိမ် ဒရုန်းဖြင့် ဗုံးကြဲခဲ့ပြီး‌နောက် အတွေ့အကြုံမရှိသည့် ဒေသခံများက ထွက်ကြည့်ကြစဉ် ဒုတိယအကြိမ် ထပ်မံဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖြူးဒေသခံများက ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ပြန်လည်မျှဝေထားသည်။

“အခုလိုမျိုး ကျွန်တော်တို့ဟိန္ဒူဘာသာဝင်တွေ စစ်ကောင်စီကြောင့် သတ်ဖြတ်ခံရတဲ့ကိစ္စပေါ်မှာ သူတို့(ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများ) ရဲ့ပကတိရုပ်ကို ထုတ်ပြဖို့လိုပြီ။ သေသွားတဲ့သူတွေအတွက် သူတို့က ဘာအပြစ်မှလဲမရှိဘူး။ ရိုးသားတဲ့ပြည်သူတွေကို ဘာလုပ်ပေးမှာလဲပေါ့နော်။ အဲ့တာ ကျွန်တော်တို့ တော်တော် စိတ်ဝင်စားတယ်။ ဒါကစစ်ဖြစ်နေတာလဲမဟုတ်ဘူး။ ကိုယ့်ကျေးရွာမှာ ကိုယ်နေကြတဲ့သူတွေပဲ”ဟု ပဲခူးဒေသခံ ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ စစ်ကောင်စီက ဟိန္ဒူဘုရားကျောင်း နှင့် ဟိန္ဒူဘာသာဝင်များအပေါ် အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီလက်ဝေခံ မီဒီယာများတွင် စစ်တပ်အလိုကျ တော်လှန်ရေး တပ်ဖွဲ့များအပေါ် ဝေဖန်ရှုံ့ချမှုများပြုလုပ်လေ့ရှိသည့် ဟိန္ဒူဘာသာရေး အဖွဲ့အစည်းများမှာ ယခုကိစ္စအပေါ် နှုတ်ဆိတ်နေကြောင်း တွေ့ရသည်။

အဆိုပါ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း၊ သနန္တန ဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် တို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်ကပင် AA နှင့် ရခိုင်တိုက်ပွဲများအပေါ် အပြင်းအထန်ဝေဖန်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ ဟိန္ဒူဘုရားကျောင်းပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့် လုပ်ရပ်အပေါ် မြန်မာနိုင်ငံ ဟိန္ဒူသမဂ္ဂ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ မူဆလင် လူမျိုးစုများအတိုင်ပင်ခံ ကော်မတီတို့မှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – ပေးပို့
#ဖြူး #ဟိန္ဒူဘုရားကျောင်း #ရမ်းနဂါး #ဟိန္ဒူဘာသာဝင် #သေဆုံး #ဒရုန်း #ဗုံးကြဲ #စစ်ကောင်စီ #Ayeyarwaddy_Times