ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်းအချို့တွင် အရေးပေါ် ကတုတ်ကျင်းများတူး၍ ခံစစ်အခိုင်အမာ ပြင်ဆင်နေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရွှေတောင်မြို့နယ်အတွင်းရှိ တပ်မ (၆၆) လက်အောက်ခံ ခလရ-၁၄ တပ်ရင်းနှင့် အမတ ၅၀၉ အမြောက်တပ်ရင်းတို့တွင် ဘန်ကာများပါ အခိုင်အမာ တည်ဆောက်နေပြီး အထူး ခံစစ်ပြင်ထားကြောင်း သိရသည်။

“ဆက်သွယ်ရေးတူးမြောင်းတွေ၊ ကတုတ်ကျင်းတွေ တူးခိုင်းထားတာ အရင်ကတည်းကဆိုပေမယ့် ခုကတပ်လှန့်ပြီးတော့ အမြောက်တပ်ရင်းနဲ့ မြို့ပေါ်ကတပ်ရင်းတွေပါ တူးထားရတယ်”ဟု တပ်သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရန်ကုန်-ပြည် ကားလမ်းဘေးနှစ်ဖက်တွင်လည်း ဘုရားနီအနီးမှ ခလရ ၁၄ အထိ ကတုတ်ကျင်းများတူး ပြီး ဆက်သွယ်ရေးတူးမြောင်းပါ တူးဖော်ထားကြောင်း သိရသည်။

ထို့အပြင် အမှတ် (၆) တပ်မတော်ဆေးရုံ ခုတင် ၁၀၀ တွင်လည်း သူနာပြုနှင့် ဆေးနှင့် ဆက်စပ်ပစ္စည်းများ ကိုပါ ဖြည့်တင်းထားပြီး လုံခြုံရေးများပါ တိုးမြှင့်ထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြည်မြို့ ဥသျှစ်ပင်ရှိ တပ်မိသားစုများကို အခြားနေရာသို့ပြောင်းရွှေ့ပြီး ပြည်ဒကစနှင့် မင်းကြီးတောင်ပေါ်တို့တွင်လည်း လက်နက်ကြီးစခန်းများ အခိုင်အမာတည်ဆောက်ပြီး စစ်ကောင်စီက ခံစစ်အတွက် အထူးပြင်ဆင်ထားကြောင်း သိရသည်။

AA သည် ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း ပြည် ပန်းတောင်းလမ်းရှိ တောင်ပုံကြီးစစ်စခန်းကို ဝင် ရောက်ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် ပြည် ပန်းတောင်းလမ်းနှင့် ဥသျှစ်ပင်လမ်းတို့တွင်ရှိသည့် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို အရေးပေါ်တပ် လှန့်ထားကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

AA အနေဖြင့် တောင်ကုတ်ရိုးလမ်းကို ကျော်လာကာ ပဲခူးတိုင်းပြည်မြို့နယ်အတွင်းသို့ပါ စစ်ရေးဖော် ဆောင်လာမည်ကို ပြည်ဒကစနှင့် တပ်ရင်းတပ်ဖွဲ့များရှိ စစ်ကောင်စီအရာရှိများက အထူးစိုးရိမ်လျက် ရှိကြောင်း သိရသည်။

#ပဲခူး #ပြည် #ရွှေတောင် #တပ်ရင်း #အမြောက်တပ် #တကုတ်ကျင်းတူး #ခံစစ် #အခိုင်အမာ #ပြင်ဆင် #Ayeyarwaddy_Times