
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ရက်
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်နေကြသည့် ချင်းစစ်ဘေးရှောင်များသည် ယခုရက်ပိုင်းတွင် နေရပ်ပြန်လာကြသူများ ရှိလာကြောင်း စစ်ဘေးရှောင်များထံက သိရှိရသည်။
ချင်းတော်လှန်ရေးတပ်တို့၏ နယ်မြေထိန်းချုပ်မှု၊ စိုးမိုးမှုများလာသည့်အတွက် စစ်ဘေးရှောင်များသည် နေရပ်ပြန်လာခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ဆိုသည်။
“ရွာတွေဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီဆိုတော့ တိုက်ပွဲတွေကလည်း မရှိတော့တာ အတော်ကြာပြီ။ စစ်သားတွေကလည်း မြို့ပေါ်လောက်ပဲရှိတော့တာ။ ရွာတွေဘက်မှာတော့ ပုံမှန်အခြေအနေဖြစ်နေပါပြီ။ အဲ့တော့ အိမ်ပြန်ချင်တဲ့သူတွေက ပြန်ကြတာပါ” ဟု ကျန်ဖိုင်ခရိုင်ရှိ စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်၊ ကျန်ဖိုင်ခရိုင်နှင့် ကော်လဆစ်ခရိုင်တို့မှ ချင်းစစ်ဘေးရှောင် ၄၀၀ နီးပါးသည် မြန်မာပြည်သို့ နေရပ်ပြန်ခဲ့ကြောင်း စစ်ဘေးရှောင်များထံက စုံစမ်းသိရှိရသည်။
ထို့အပြင် မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများထဲမှ နောက်ထပ် နေရပ်ပြန်လာကြမည့် ချင်းစစ်ဘေးရှောင်များ ကျန်ရှိနေသေးကြောင်း သိရှိရသည်။
“ပြန်ကြမယ့်သူတွေ အတော်တော်များများ ရှိနေသေးပါတယ်။ အဓိကတော့ ဒီဘက်မှာလည်း အလုပ်အကိုင်တွေရှားပါးပြီး စားဝတ်နေရေး အဆင်မပြေတာရယ်ကြောင့်ပါ။ ရွာမှာလည်း ပြန်နေလို့ရတဲ့အခြေအနေမျိုးဆိုတော့ ပြန်ချင်ကြတာပါ” ဟု လောက်တလိုင်ခရိုင်ရှိ စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၂၇၉၄ ဦးရှိပြီး ၎င်းတို့ထဲမှ စစ်ဘေးရှောင် ၁၆၈၉၂ ဦးသည် ခရိုင် ခုနှစ်ခုတွင်ရှိသည့် စစ်ဘေးရှောင်စခန်း ၁၂၇ စခန်းတွင် နေထိုင်ကြပြီး ကျန်သည့် ၁၅၉၀၂ ဦးသည် စစ်ဘေးရှောင်စခန်း ပြင်ပတွင် နေထိုင်ကြကြောင်း သိရသည်။
ချင်းပြည်နယ်ရှိ တွန်းဇံမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့ကို ချင်းတော်လှန်ရေးတပ်တို့က ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသည်။
ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ဖလမ်း စသည်မြို့ပေါ်ရပ်ကွက်တွင် စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်သည်။
ချင်းပြည်နယ်ရှိ နယ်မြေ ၈၅ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဆလိုင်းယောမာန်က ဒီဇင်ဘာ ၂၃ ရက်နေ့ညတွင် ကျင်းပပြုလုပ်သည့် ချင်းညီနောင်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
#အိန္ဒိယနိုင်ငံ #ချင်းစစ်ဘေးရှောင်များ #နေရပ်ပြန်လာ #Ayeyarwaddy_Times