နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

နိုင်ငံတဝန်း စစ်ရှုံးလာ၍ ခုခံကာကွယ်ခြင်းပင် မပြုနိုင်တော့ဘဲ ပြည်သူလူထုအပါအဝင် စစ်ရေးပစ်မှတ် မဟုတ်သော နေရာများသို့ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်နှစ်ခု လက်လွှတ်လိုက်ရပြီးနောက် ငြိမ်းချမ်းရေးစကားများ အကြိမ်ကြိမ်ပြောလာကြောင်း သိရသည်။

သို့သော် ၎င်းတို့စိတ်ထဲ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ယုံကြည်လိုလားမှု မရှိနေသည်ကို အကြမ်းဖက် လုပ်ရပ်များကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ-EROs က နားလည်ကာ စစ်နိုင်ရေးသာ အာရုံစိုက်လုပ်ဆောင်ခဲ့ကြောင်း CDM အရာရှိများနှင့် လေ့လာသူတို့က ထောက်ပြသည်။

“စကစရဲ့ ဒီသဘောထားကို EROs တွေကလည်း ကောင်းကောင်းနားလည်ထားကြတယ်။ ဒါ့ကြောင့်မို့လို့ EROs တွေဟာ စကစရဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းဆိုတာကို လက်မခံဘဲ သေချာတဲ့ စစ်ရေးနည်းလမ်းနဲ့ အရင်ဆုံး အနိုင်ယူထားကြတာ ဖြစ်တယ်” ဟု CDM ဗိုလ်ကြီးဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် စစ်ခေါင်းဆောင်က ၎င်းတို့ဖိတ်ခေါ်မှုကို EROs များအနေဖြင့် မျက်ကွယ်ပြုကာ တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ဟု နှစ် ၅၀ ပြည့်ရွှေရတု အာခါအမျိုးသားနေ့ အခမ်းအနား သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ကလည်း စစ်ခေါင်းဆောင်ပြောသော ငြိမ်းချမ်းရေးကိစ္စအပါအဝင် လုပ်ရပ်များကို မယုံကြည်တော့သလို တွေ့ဆုံသူ နည်းပါး၍ အလုပ်မဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“မြောက်ပိုင်းညီနောင် သုံးဖွဲ့က တကယ်စစ်မှန်စွာ ငြိမ်းချမ်းရေးလိုချင်ကြောင်း ပြသမှ ဆွေးနွေးမယ်ပြောတယ်။ သူတောင်းဆိုတာ ဖမ်းထားတဲ့ သူ့တပ်သားတွေ လွှတ်၊ သိမ်းထားတဲ့ နယ်မြေက ဆုတ်ပေး ဘယ်သူ လုပ်မှာလဲ။ အခု လွတ်လပ်ရေးနေ့ ဦးတည်ချက်ပဲကြည့် ပြောင်းလဲလာလိုက်တာ” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ကချင်၊ ရခိုင်၊ မန္တလေးတို့တွင် စစ်ရေး၊ စီးပွားရေးအရ အရေးပါသော မြို့နှင့် တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီး အဓိကတိုင်းစစ်ဌာနချုပ် နှစ်ခုကိုလည်း လက်လွှတ်လိုက်ရကာ မရှု့မလှ စစ်ရှုံးလျက်ရှိကြောင်း သိရသည်။

“စစ်တပ်မှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ပုံစံ အခုချိန်မှာ လုံးဝမတွေ့ရဘူး။ သူတကယ် ငြိမ်းချမ်းချင်တာလားဆို မငြိမ်းချမ်းချင်ပါဘူး။ သူစစ်ရှုံးနေလို့ သူရဲ့ပြင်ဆင်ချိန်ရအောင် ငြိမ်းချမ်းရေးကို အတွင်တွင် အော်နေတာ” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်ရှိ ထိပ်ပိုင်းအရာရှိများသည် အင်အားကြီးသူ မှန်သည်ဆိုသော သဘောမျိုး ပြောလေ့ရှိကြပြီး အင်အားကြီးချိန်တွင် EROs များအပေါ် လူမိုက်စကားပြော အထက်စီးမှ ဆက်ဆံ၍ ယခုကဲ့သို့ အင်အားချိနဲ့ ရှုံးနိမ့်လာချိန် ငြိမ်းချမ်းရေးစကား တွင်တွင်ပြောလာခြင်း ဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီ

#ခုခံကာကွယ်ခြင်း #စစ်ခေါင်းဆောင် #ငြိမ်းချမ်းရေးစကား #အကြိမ်ကြိမ်ပြော #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#Ayeyarwaddy_Times