
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်
နွေဦးတော်လှန်ရေးလေးနှစ်ပြည့်တော့မည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ဖြိုချရေးအတွက် တော်လှန်ရေးဒီရေနှင့်အတူပြောင်းလဲဖို့အသင့်ရှိနေပြီး စွမ်းစွမ်းတမံထမ်းဆောင်နိုင်မည့် ခေါင်းဆောင်များကို ကြိုဆိုနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။
ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ဇန်နဝါရီ ၁ ရက်နေ့ကတွင် ပြောကြားသည့် နှစ်သစ်ကူး နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် စစ်အာဏာရှင်စနစ် ဖြိုချရေးအတွက် NUG အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးတွင်တာဝန်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
” စစ်အာဏာရှင်စနစ်ဖြိုချရေးအတွက် ကျွန်တော်တို့ NUG မှာ အပြည့်အဝတာဝန်ရှိသလို တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအားလုံးမှာလည်းတာဝန်ရှိပါတယ်။ လူမျိုးတစ်မျိုးလွတ်မြောက်ရေး သပ်သပ်မဟုတ်ဘဲ တစ်နိုင်ငံလုံးစစ်အာဏာရှင်စနစ်ကလွတ်မြောက်ဖို့အထိကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတက ပြောသည်။
ထို့ပြင်အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) အနေဖြင့် အစိုးရအတွင်းပြောင်းလဲရေးလုပ်ငန်းများကို တိုးတက်လာသော တော်လှန်ရေးဒီရေနှင့်အတူလိုက်ပါပြောင်းလဲရန်အသင့်ရှိနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက်ပြောကြားသည်။
ယခု ၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကိုအပြီးသတ်ဖယ်ရှားနိုင်ရန်အတွက် မဟာမိတ်ရေးရာကဏ္ဍကိုယခုထက်ပိုမိုအားစိုက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးနှင့် နိုင်ငံရေးအင်းအားစုများအနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရပူးပေါင်းဆောက်ရွက်ရန် ယခုထက်ပိုပြီးလက်တွေ့ပြရန် အချိန်တန်ပြီဖြစ်ကြောင်း NUG ယာယီသမ္မတက ဆိုသည်။
” ကျွန်တော်တို့အစိုးရအဖွဲ့ထဲမှာ ယခုတည်ဆဲအခြေအနေတွေထက် ပိုမိုကျယ်ပြန့်စွာဦးဆောင်မဲ့သူတွေကိုလိုအပ်နေပါတယ်။ ဒီတည်ဆဲရာထူးနေရာတွေမှာ အစားထိုးတာဝန်ယူနိုင်သူတွေရှိရင်လည်း ကျွန်တော်တို့က ပုခုံးထမ်းလွှဲပြောင်းပေးအပ်ဖို့ လမ်းဖွင့်ထားပါတယ်။ လူထုအတွက် တော်လှန်ရေးတာဝန်တွေကို စွမ်းစွမ်းတမံထမ်းဆောင်နိုင်မဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက လှိုက်လှဲစွာကြိုဆိုနေပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ထို့ပြင့် စစ်ကောင်စီတပ်တွင် ရှိနေသည့် တပ်မတော်ကို ဦးဆောင်ဦးရွက်ပြုနေသည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် မြေပြင်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် အသက်ပေးကာကွယ်ပေးနေသော တပ်မတော်သားများအနေဖြင့် တိုင်းပြည်ရှေ့ရေးကို ဦးတည်ပြီး အမြန်ဆုံးပြည်သူလူထုနှင့် ပူးပေါင်းချိန်တန်ပြီဟု ယာယီသမ္မတက ထပ်မံ တိုက်တွန်းပြောကြားခဲ့သည်။
လက်ရှိနွေဦးတော်လှန်ရေး လေးနှစ်တာကာလအတွင်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ စစ်ကောင်စီ၏အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တို့ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့(EROs)များဖြစ်သည့် အာရက္ခတပ်တော်(AA) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့က သိမ်းယူထားနိုင်ခဲ့သည်။
ထို့ပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF ) ပူးတွဲတပ်ဖွဲ့များသည်လည်း ကချင်ပြည်နယ်နှင့် အထက်ပိုင်းမြို့များကိုသိမ်းယူထားပြီး ကရင်အမျိုးသားအစည်းအရုံး ( KNU) က မာနယ်ပလောကို နှစ်ပေါင်း ၃၀ အတွင်း စစ်ကောင်စီထံမှ ပြန်လည်သိမ်းယူထားနိုင်သည်။
၂၀၂၃ ခုနှစ်အောက်တိုဘာတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း နှင့် ဒုတိယလှိုင်းကာလအတွင်း အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ( MNDAA) နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကိုသိမ်းယူထားပြီး ကရင်နီဒေသရှိ မြို့နယ်အများစုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( KNDF ) နှင့် ဒေသခံ PDF တပ်ဖွဲ့ များက သိမ်းယူထားသည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် ( AA) က အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ မြို့ကို သိမ်းယူထားနိုင်ပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များသာ ဆက်လက်သိမ်းယူရန်ကျန်ရှိနေခြင်းဖြစ်သည်။
ဓာတ်ပုံ – NUG
ပုံစာ-အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ယာယီသမ္မတ ဒူဝါလရှီးလ
#အမျိုးသားညီညွတ်ရေးအစိုးရ #ယာယီသမ္မတ #နှစ်သစ်ကူး #နိုင်ငံတော်အခြေပြမိန့်ခွန်း #စစ်အာဏာရှင်စနစ်ဖြိုချရေး #NUG #တော်လှန်ရေးအဖွဲ့အစည်းများ #Ayeyarwaddy_Times