ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ သပွတ်စုရွာတွင် အခြေစိုက်နေထိုင်သည့် ပျူခေါင်းဆောင်နှင့် အပေါင်းများ တပ်စွဲထားသည့် ပျူစခန်းကို တော်လှန် ရေးတပ်များက စီးနင်းဝင်ရောက်တိုက်ခိုက်ရာ ထွက်ပြေးသွားကြောင်း သိရသည်။

တောင်သာ သပွတ်စုရွာတွင် တပ်စွဲနေထိုင်နေသည့် ပျူခေါင်းဆောင် အောင်ထွန်းဦးနှင့်အပေါင်းအပါများကို ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ညောင်ဦးမြို့နယ်ပကဖ(ပုဂံပြည်ဘီလူးတပ်) တာဝန်ခံ ကိုဇီးထံက သိရသည်။

“သူတို့ ဘယ်လို တိုက်တိုက် ရှုံးမယ်ဆိုတာ သိနေကြပြီလေ။ ကျွန်တော်တို့ PDF တွေက အရင်လို မဟုတ်တော့ဘူး။ မောင်းပြန်တွေနဲ့ ဖြစ်ကုန်ပြီ။ စိတ်ဓာတ်အရလည်း ကျွန်တော်တို့က သာတယ်။ သူတို့က ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျ ပိုက်ဆံ လွယ်လွယ်ရလို့ ပျူလုပ်ကြတာ။ ကျွန်တော်တို့က မတရားမှုကို လက်မခံနိုင်လို့ ဘာကိုယ်ကျိုးအတွက်မှ မရှိဘဲ အသက်တွေရင်းပြီ အာဏာရှင်ကို တော်လှန်နေကြတာ။ လက်နက်ချင်း တူရင်တောင် စိတ်ဓာတ်ပိုင်းက ကျွန်တော်တို့က သာတယ်”ဟု ညောင်ဦးမြို့နယ်ပကဖ(ပုဂံပြည်ဘီလူးတပ်)တာဝန်ခံ ကိုဇီးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

တော်လှန်ရေးတပ်များ စီးနင်းဝင်ရောက်ချိန်တွင် ပျူများမှာ အချိန်ကြာကြာပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့ကြရာ စစ်အသုံးအဆောင်ပစ္စည်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို တောင်သာမြို့နယ်ပကဖ၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ BGF (Burmese Guerrilla Force)၊ PLA (တပ်တော်)နှင့် ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း မန္တလေး တိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆင်ဖြူကျေး ရွာရှိ စစ်ကောင်စီကဖွဲ့စည်းထားသည့် ပြည်သူ့စစ်စခန်းခေါ် ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်းဝင်ရောက်ခဲ့ရာ ပျူစောထီးများမှာ လက်နက်များထားပြီး ထွက်ပြေးကြသဖြင့် လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပကဖထံက သိရသည်။

တော်လှန်ရေးပူးပေါင်တပ်ဖွဲ့အနေဖြင့် ၂၀၂၅ တွင် ပျူစခန်းများနှင့် စစ်ကောင်စီတပ်စခန်းများကို ပြတ်ပြတ်သားသားချေမှုန်းတ်ုက်ခိုက်သွားမည်ဖြစ်၍ မိဘပြည်သူများဘက်မှလည်း တတ်နိုင်သမျှကူညီပေးကြပါရန် တောင်းဆိုကြောင်း ညောင်ဦးမြို့နယ် ပကဖက ဆိုထားပြီး လက်ရှိတွင် ကျေးရွာများရှိ ပျူစောထီးစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ကာ နယ်မြေရှင်းလင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

“မကြာခင် မအလ(စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ကျဆုံးခန်းလာတော့မှာပါ။ အခု သူတို့ ကြောက်နေကြပြီ။ ဘယ်အချိန် ဝင်အတိုက်ခံရမလဲ လန့်နေကြတာ။ ဘယ်‌စစ်တပ်ကမှ သူတို့ဆီ တပ်ကူမလာကြတော့ဘူး။ တပ်ကူလာလည်း ကြားဖြတ်တိုက်ခံနေရတော့ သူတို့လည်း တပ်ကူ မလာရဲဘူး”ဟု ကိုဇီးက ဆိုသည်။

ဓာတ်ပုံ- ပုဂံပြည်ဘီလူးတပ် အထူးကွန်မန်ဒိုတပ်ဖွဲ့(ပုံဟောင်း)
#မန္တလေး #တောင်သာ #သပွတ်စု #ကျေးရွာ #ပျူစောထီးစခန်း #တော်လှန်ရေးပူးပေါင်းတပ် #တိုက်ခိုက် #ပုဂံပြည်ဘီလူးတပ် #Ayeyarwaddy_Times