မတ်လအတွင်း စစ်နည်းပညာတက္ကသိုလ်ဗိုလ် လောင်းများ နေပြည်တော်ရှိစစ်သင်္ချိုင်းကိုသွားရောက်လေ့လာစဥ်

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇွန်လ ၂၇ ရက်

စစ်ကောင်စီတပ်က၄င်းတို့လက်အောက်ရှိစစ်တက္ကသိုလ် DSA၊စစ်နည်းပညာတက္ကသိုလ်DSTA၊စစ်ဆေးတက္ကသိုလ် DSMA၊ DSMA(အမျိုးသမီး) စစ်ဗိုလ်လောင်းကျောင်းများအတွက်ယခုနှစ် (၂၀၂၂) ဆယ်တန်းအောင် ကျောင်း သား၊ကျောင်းသူများကိုခေါ်ယူနေရာ ဗိုလ်လောင်းဝင်ခွင့် အသက်ကန့်သတ်ချက်ကို ၆ လထပ်မံတိုးမြှင့်ခဲ့ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရသည်။

ဇွန်လ ၂၂ ရက် စတင်ခေါ်ယူစဥ်က အဆိုပါ စစ်ကောင်စီတပ်ဗိုလ်လောင်းသင်တန်းများအတွက် အသက်ကန့်သတ်ချက်ကို ၁၆ နှစ်အထက် ၁၈ နှစ်အောက်သို့ခေါ်ယူရာမှ ယနေ့တွင် အသက် ၁၆နှစ် အထက် ၁၈ နှစ် ၆ လ အထိ ၆လ ပြင်ဆင်တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်ည်။

ယခုနှစ်စစ်ကောင်စီလက်အောက်ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကိုဗစ်ကာလအတွင်းဆိုင်းငံ့ခဲ့ရသည့်အတွက်အသက်ကျော်လွန်မှုများရှိနေ၍ ယခုကဲ့သို့ ၆ လတိုးမြှင့်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ၄င်းတို့လက်အောက်တွင်အောင်မြင်ခဲ့သည့် ၂၀၂၂ ခုနှစ်ကျောင်းသား၊ကျောင်းသူများကို ခေါ်ယူခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ယမန်နှစ်ကစ၍ စစ်ကောင်စီတပ်အရာရှိသင်တန်းများကို လျှောက်ထားသူလျော့နည်းလာသဖြင့် ယခုနှစ်တွင်လည်း လျှောက် ထားသူနည်းပါးနိုင်သောကြောင့် အသက်ကန့်သတ်ချက်အကျုံးဝင်နိုင်ရေး လျှော့ချပေးခြင်းဖြစ်သည်ဟု CDM တပ်မတော်သားအရာရှိတဦးကပြောသည်။

ဇွန်လ ၂၂ ရက်နေ့ စစ်ကောင်စီထိန်းချုပ်သတင်းစာမှ စတင်ခေါ်ယူခဲ့စဥ်

” ခု ခေါ်တယ့်အပတ်စဥ်တွေက DSA ၆၈ ၊ TAနဲ့ MA က ၂၉ ဖြစ်မယ်ထင်တယ်။ သူတို့စစ်တပ်အသိုင်းအဝိုင်းက တချို့တော့လျှောက်ကြမယ်ထင်ပါတယ်။ အဲ့တာကြောင့် လည်းအသက်တွေဘာတွေတိုးပေးတယ်ဆိုပြီး ဟန်ရေး ပြနေတာပေါ့။ စစ်တပ်နဲ့မပတ်သက်တဲ့သူတွေကတော့ ဘယ်သူမှလျှောက်ကြမှာမဟုတ်ဘူး။ နဂိုထဲက လျှောက်မယ့်သူနည်းနေရတဲ့အထဲ ဒီနှစ်အောင်တဲ့ကျောင်းသားတွေက ၁၈ နှစ်နားကပ်နေတဲ့သူတွေများလို့ လူမရှိမှာစိုးလို့ အသက်ကန့်သတ်ချက်ကိုလျှော့ချပြီး ၆လ တိုးပေးတာ” ဟု CDM တပ်မတော်သား ဗိုလ်ကြီး ခန့်ကိုက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယမန်နှစ် စစ်တက္ကသိုလ် အမှတ်စဥ် ၆၇ တွင်လည်း ယခင်က DSA လျှောက်ထားရာတွင်အများဆုံးဖြစ်ခဲ့သည့် မန္တလေးတိုင်းမှ ပြင်ဦးလွင်ရှိ DSA ကျောင်းသို့ လာရောက်သတင်းပို့တက်ရောက်သူ ၂၀ ဦးဝန်း ကျင်သာရှိကြောင်း CDM မပြုလုပ်မီ ပြင်ဦးလွင်စစ်တပ်တခုတွင်ရောက်ရှိနေခဲ့သူ စစ်ကောင်စီလေတပ်မှ CDM ပြုလုပ်လာသည့် ဗိုလ်ကြီး ဇေသူအောင်က Myanmar Now သတင်းဌာနနှင့် အင်တာဗျူးတခုတွင်ဖြေကြားထားခဲ့သည်။

စစ်ကောင်စီဘက်က ၄င်းတို့လက်အောက်ရှိ အဆိုပါ ဗိုလ်လောင်းသင်တန်းများသို့ နှစ်စဥ်လျှောက်ထားတက်ရောက်သည့် အရေအတွက်အား တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက် လျှောက်ထားသူ သိသိသာသာ လျော့နည်းသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံက သိရသည်။

ထို့အပြင် စစ်ကောင်စီက ယခုနှစ်အောင် ကျောင်းသူများကိုလည်း စစ်ဆေးတက္ကသိုလ်-DSMA(အမျိုးသမီး) ဗိုလ် လောင်းသင်တန်းကိုလည်း ယခုနှစ်မှစတင်၍ခေါ်ယူခဲ့ကာ အသက်ကန့်သတ်ချက်ကိုလည်းယခုအတိုင်းပြင် ဆင်သတ်မှတ်ပေးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီလက်အောက် ယခုနှစ် ၂၀၂၂ ကျောင်းသားများသည် ၅ လတက်ရောက်အောင်မြင်လာကြသူများဖြစ်ကာ ဆေးဘက်ပညာနှင့်အခြားတက္ကသိုလ်များကိုတက်ရောက်ကြမည့် ကျောင်းသားများ၏အရည်အချင်း အပေါ် ပြည်သူအများအကြားဝေဖန်မှုများလည်းမြင့်တက်နေကြောင်းသိရသည်။