ညီညီမင်း/ဧရာဝတီတိုင်းမ်
ဇလွန်၊ ဇွန်လ ၂၇ ရက်

ဧရာ၀တီတိုင်း၊ ဇလွန်မြို့နယ်အတွင်း မီတာခပေးဆောင်ခြင်းမရှိတဲ့နေအိမ်တွေကို ဇူလိုင်လအတွင်း မီတာခပြန်လည်ပေးဆောင်ရန်နဲ့ မလိုက်နာပါက အရေးယူမယ်ဆိုပြီး မြို့နယ်လျှပ်စစ်ရုံး၀န်ထမ်းတွေက သတိပေးစာပေးပို့ထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

” စာထဲမှာ ဇူလိူင်လအတွင်း နောက်ဆုံးထားပြီး မီတာဆောင်ရမယ်။ ပျက်ကွက်ရင်မီးဖြတ်၊မီတာပုံးသိမ်းတာအပြင် အရေးယူခံရမယ်လို့ရေးထားတယ်။ ဘာပုဒ်မနဲ့ ဘယ်လိုအရေးယူမယ်လို့တော့ရေးမထားဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဇလွန်မြို့ခံအများစုက မီတာခပေးဆောင်ခြင်းမရှိပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။

သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိအားပေး ခြိမ်းခြောက်မှုတွေကြောင့် မြို့ခံအချို့သာ မီတာခပြန်လည်ပေးဆောင်နေကြပြီး အများစုမှတော့ မီတာခပေးဆောင်တာမရှိတဲ့အတွက် ခုလို သတိပေးစာတွေ လိုက်လံဖြန့်ဝေနေတာဖြစ်တယ်လို့ မြို့ခံအချို့က ဆိုပါတယ်။

” မီတာခ မဆောင်ကြတာ အာဏာသိမ်းပြီးခတည်းက မဆောင်ကြတာ။ မြို့ပေါ် ရပ်ကွက် ၅ ခုရော ရွာဘက်တွေရောနဲ့ တော်တော်များတယ်။ ခုသတိပေးစာ ပို့တာခံရတာတောင် အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတယ်” လို့ ဇလွန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို မီတာခကောက်ပြီးငွေရှာပေးနေတဲ့ ဇလွန်မြို့နယ်လျှပ်စစ်ရုံးကို ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နဲ့ မတ်လ ၃၀ ရက်နေ့က နှစ်ကြိမ်တိုင် ဒေသခံပျောက်ကြားအဖွဲ့တွေက ဗုံးခွဲသတိပေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်