
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်
ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ရန် မြို့နယ်သုံးခုသာ ကျန်ရှိတော့ချိန်တွင် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်း ရေးအခင်းအကျင်း အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိပါကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ရခိုင်ဒေသအတွင်း လူမျိုးပေါင်းစုံ၏ အမျိုးသားတန်း တူရေး ဒေသတခုလုံး ဖိနှိပ်အုပ်ချုပ်သူတို့လက် အောက်မှ လွတ်မြောက်ရေးအတွက် အဓိကကြိုးပမ်းဆောင်ရွက်လျက်ရှိသော ရှေ့ဆောင်လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲနေသည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း AA က ဆိုသည်။
ထို့အပြင် AA က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဟုသုံးနှုန်းသွားပြီး ရခိုင်ဒေသအတွင်း ရင်းနှီး မြုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြုပ်နှံရေး လုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံလိုသူများကို လုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် အထူးဂရုစိုက်ကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
ထို့ပြင် AA သည် လာရောက် ရင်းနှီးမြုပ်နှံကြသည့် စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အဆိုပါကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်လည်း လိုလားကြောင်း ဆိုထားသည်။
ယခုလုပ်ဆောင်နေသော တော်လှန်ရေးသည် ရခိုင်ဒေသအတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး ရခိုင်ဒေသအတွင်းသာမက အဖိနှိပ်ခံ မြန်မာပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ် မြောက်ရေးအတွက်လည်း တိုက်ရိုက်အထောက် အကူပြုမည်ဟု အကြွင်းမဲ့ယုံကြည်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လိုလားတောင့်တသော နိုင်ငံရေးမျှော်မှန်း ချက်များ တစ်လုံးတစ်ဝန်းထဲ ရရှိစေရေးအတွက် မားမားမတ်မတ်ဆက်လက်ရပ်တည်ပြီး မြန်မာပြည်တွင်းမှ တိုင်းရင်း သားညီအစ်ကိုများ၏ အကောင်းဆုံးသော ညီအစ်ကို မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု AA က ၎င်းတို့ တရားဝင်ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
ဆက်လက်ပြီး တရုတ်နိုင်ငံ၏ ဦးဆောင်မှုအောက်တွင် နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုနှင့် အွန်လိုင်းလောင်း ကစားတိုက်ဖျက်ရေးတို့တွင်လည်း ညီနောင်သုံးဖွဲ့အဖြစ် ဟိုင်ဂင်သဘောတူညီချက် ရရှိသည်အထိ ပူးပေါင်းပါဝင်ခဲ့ပြီး ယခုအချိန်တွင် ပြည်တွင်းရေးအခြေအနေကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိနေပြီဖြစ်ကြောင်း AA က ပြောဆိုထားသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့နယ်၊ တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသည့် ကျောက်ဖြူမြို့နယ်နှင့်မာန်အောင်မြို့နယ်တို့ကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)
#AA #နိုင်ငံရေးနည်းလမ်း #ဖြေရှင်းရန် #အသင့်ရှိ #AAထုတ်ပြန် #Ayeyarwaddy_Times