ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

စစ်ကောင်စီကအခွန်ငွေတိုးကောက်ရာတွင် တင်သွင်းတင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အခွန် ငွေဆောင်ရာတွင် ဈေးကွက်ငွေလဲလှယ်နှုန်းထားအတိုင်း အခွန်ငွေဆောင်ရမည်ဖြစ်၍ ကုန်ပစ္စည်း ဈေးနှုန်းနှစ်ဆနီးပါးတက်နိုင်ကြောင်း သိရသည်။

ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့သူများကို လာမည့် ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည့် ရည်ညွန်းနိုင်ငံခြားငွေလဲလှယ်နှုန်းထားကနေ ဈေးကွက်ငွေလဲလှယ် နှုန်းထားအတိုင်း အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် အကောက်ခွန် ဦးစီးဌာနက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ယခင်ကအခွန်ဆောင်ရာတွင် ဗဟိုဘဏ်တရားဝင်သတ်မှတ်နှုန်းထား အမေရိကန်တစ် ဒေါ်လာလျှင် ကျပ် ၂၁၀၀ နှုန်းဖြင့်အခွန်ဆောင်နေရာမှ ယခုအခါ ကန်တစ်ဒေါ်လာ ၃၆၀၀ ကျပ်နှုန်းဖြင့် အခွန်ဆောင်ရမည်ဖြစ်၍ သွင်းကုန်ပစ္စည်းဈေးနှုန်းများမြင့်တက်နိုင်ကြောင်း အသေးစားစီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

“စဉ်းစားကြည့်လေ ကုန်ပစ္စည်းတစ်ခုအတွက် ကျပ် ၂၁၀၀ နှုန်းပေးနေရချိန်မှာတစ်ခုအတွက် ၃၈၈၈ ပေးရမယ်ဆိုတော့ ဈေးတွေထပ်တက်ဖို့ပဲရှိမယ်။စက်သုံးဆီ၊ ဆေးဝါးနဲ့သွင်းကုန်တွေအကုန်တက်မှာပဲ” ဟု အသေးစားစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ၏ အကောက်ခွန် ဦးစီးဌာနက အခွန်တိုးကောက်မည့်စနစ်ကြောင့် ဈေးအမြင့်တွင်ရှိနေသာ စက်သုံးဆီဈေး၊ ဆေးဝါးပစ္စည်းဈေးအပါအဝင် လူသုံးကုန်ပစ္စည်းနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ထပ်မံဈေးမြင့်လာမည်ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီက အခွန်တိုးကောက်ရန်ပြင်ဆင်နေသော်လည်း ပုံမှန်ဝင်ငွေရှိသော စစ်ကောင်စီ ဝန်ထမ်းအရာရှိ တစ်ဦး၏လစာသည်ပင် အနိမ့်ဆုံး ၂၇၅,၀၀၀ ကျပ်ဖြစ်၍ အမေရိကန်ဒေါ်လာ ဖြင့်တွက်ပါက ဒေါ်လာ ၇၀ ခန့်သာ ဝင်ငွေရရှိမည်ဖြစ်သည်။

“ ဝန်ထမ်းတွေက လစာနဲ့ ထောက်ပံ့ကြေးနှစ်ခါတိုးထားလို့ ၆၀၀၀၀ ကျပ်ရသေးတယ်။ အခြေခံ အလုပ်သမားတွေဘယ်လိုဖြစ်မလဲမသိဘူး။ ကုန်ဈေးနှုန်းတွေတက်တော့ ကြက်ဥတစ်လုံးတောင်ဈေး ထဲမှာ ၅၀၀ ကျပ်ပဲ။ စည်ပင်က လိုက်ရောင်းတဲ့နေရာပဲ ၃၇၀ ကျပ်ရတာ။ ဘာလုပ်ကြမလဲမသိဘူး” ဟု စစ်ကောင်စီဝန်ထမ်း အမျိုးသမီးအရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းကာ ဝင်ငွေနည်းပါးနေသောပြည်သူများအနေဖြင့် ကုန်ဈေးနှုန်းကြီး မြင့်မှုဒဏ်ကိုပိုမိုခံစားရတော့မည်ဖြစ်သည်။

“ဈေးတွေတက်နေတာကို ဈေးထပ်တက်ဦးမှာလား။ လူတွေလည်းစားစရာမရှိတော့ဘူး။ နောက်ဆို အကုန်သေ ဖို့ပဲရှိတော့တယ်” ဟု ရွှေပြည်သာမြို့နယ်တွင်နေထိုင်သူ ကွမ်းယာသည်အမျိုးသမီး တစ်ဦးက ငြီးတွားပြောဆိုသည်။

စစ်ကောင်စီသည်အခွန်ငွေရရှိရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများထံမှအခွန်ငွေကောက်ယူခြင်း၊ ရွှေနှင့် လက်ဝတ်ရတနာဝယ်ယူရာတွင် အခွန် ၂ ရာခိုင်နှုန်းတိုးမြင့်ခြင်းနှင့်စားသောက်ဆိုင်များတွင် အခွန်ပြေစာတံဆိပ်ခေါင်းများအတင်း အကျပ်ကပ်ခိုင်းခြင်းတို့ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#စစ်ကောင်စီအခွန်တိုးကောက် #ကုန်ပစ္စည်းတင်ပို့တင်သွင်း #ကုန်ဈေးနှုန်း၂ဆတက်နိုင် #Ayeyarwaddy_Times