ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၆ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေး စခန်းတွင် တာဝန်ကျနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အဆင့်ရှိသူနှင့် တပ်ဖွဲ့ဝင်တို့ကို ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးမှာထွက်ပြေး လွတ်မြောက်သွားကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရသည်။

“တစ်ယောက်က ပြည်သူတွေကြားထဲထွက်ပြေးသွားတာ။ ပစ်ခတ်ဖမ်းချင်ပေမယ့် ခရီးသွားပြည်သူ တွေရှိနေတော့ လက်လွှတ်ပေးလိုက်ရတယ်။ ပြောချင်တာတော့ ပြည်သူတွေအနေနဲ့ ပွဲလမ်းတွေ ပျော်ပွှဲရွှင်ပွဲတွေကို စကစ(စစ်ကောင်စီ) အနီးနားမှာ မလုပ်ဖို့ ပြောချင်ပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီအရာခံဗိုလ်အပါအဝင် တပ်သားနှစ်ဦးနှင့် MA 11 တစ်လက်၊ အူဇီသေနတ်တစ်လက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ဖမ်းဆီးခေါ်ဆောင် လာစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းကြောင့် သေဆုံးသွားကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ကဆိုသည်။

ယင်းစစ်ဆင်ရေးကို Myingyan Black Tiger-MBT တပ်နှင့် Popa Guerilla Force (PGF)တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက ပုပ္ပါးတောင်ပေါ်တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်ပြီး လုံခြုံရေးတင်းကျပ် ထားကာ တိုက်ခိုက် ခံရသည့်နေ့တွင်ပင် စစ်ကောင်စီက ပုပ္ပါးတောင်အနီးရှိ ကျေးရွာအချို့တွင်အင်အား ၁၀၀ ခန့် ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ဖမ်းဆီးမှုများပြု လုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-Myingyan Black Tiger-MBT
ပုံစာ-ဖမ်းဆီးရမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး
#မန္တလေး #ကျောက်ပန်းတောင်း #ပုပ္ပါးတောင်မကြီး #စစ်ကောင်စီ #ဆက်သွယ်ရေးစခန်း #စီးနင်း #အရာခံဗိုလ် #တပ်သား #ဖမ်းဆီးခံရ #MBT #ဗိုလ်မိုက်ခဲ #Ayeyarwaddy_Times