ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၂၉ ရက်)
ကူးစက်လွယ်ဗိုင်းရပ်စ်ပိုး NOROVIRUS(နိုရိုဗိုင်းရပ်စ်) က ကမ္ဘာကြီးတစ်ခုလုံးကို အရင်နှစ်တွေကထပ် ပိုပြီး ပျံ့နှံ့နေကြောင်းအမေရိကန်ရောဂါထိန်းချုပ်ရေးဌာနချုပ် CDC က တရားဝင်ထုတ်ပြန်ထားသည်။
နိုရိုဗိုင်းရပ်စ် ကူးစက်လူနာများကို အိမ်နီးချင်းထိုင်းနိုင်ငံတွင် တွေ့ရကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက် ရက်ပိုင်းအတွင်း လူအများ၏ အာရုံစိုက်မှုရခဲ့တာကြောင့် ဗိုင်းရပ်ပိုးမွှားဆိုင်ရာ အဏုဇီဝပညာရှင်များက နိုရိုဗိုင်းရပ်စ်သည် ပျံ့နှံ့ကူးစက်ခြင်း မဟုတ်ကြောင်းကို ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းမှတစ်ဆင့် ငြင်းဆိုထားသည်။
မည်သို့ပင်ဖြစ်ပါစေ နိုရိုဗိုင်းရပ်စ် NOROVIRUS နှင့်ပတ်သက်၍ ဆင်ခြင်ထားနိုင်ရနါအတွက် အကြောင်းအရာအချို့ သိရှိထားသင့်ပါသည်။
#နိုရိုဗိုင်းရပ်စ်(NOROVIRUS )
အထက်လှန်အောက်လျော (အစာအိမ်အူရောင်ရမ်းခြင်း) ဖြစ်စေသော ဗိုင်းရပ်စ် ပိုးတွေထဲက တစ်ခုဖြစ်တဲ့ နော်ဝေါ့ခ်ဗိုင်းရပ်စ် (Norwalk virus) ဆိုတာ ဆောင်းရာသီပျို့အန်ရောဂါ ဖြစ်စေတယ်ဆိုပြီး သိထားကြပါသည်။ အခုတော့ အစာအိမ်နာဗိုင်းရပ်စ်ပိုး လို့ပင်ခေါ်နေကြပြီး နိုရိုဗိုင်းရပ်စ် NOROVIRUSnဆိုပြီး တကျော့ပြန် နာမည်ရလာပြန်ပါသည်။
အစာအိမ်နှင့် အူလမ်းကြောင်းကို အဓိကထိခိုက်တဲ့ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် အစားအသောက်မှ တစ်ဆင့် ကူးစက်ပါသည်။ ရောဂါကူးစက်ခံရပါက အစာအိမ်အောင့်ပါမည်။ ပျို့အန်ပါမည်။ ဝမ်းလျှောပါမည်။ အားနည်းနုံးချိနိုင်ပါသည်။ ဖျားနာ ခေါင်းကိုက်ခြင်းတွေကိုလည်း ခံစားရနိုင်ပါသည်။ ကိုယ်လက်နာကျင်ခိုက်ခဲတတ်ပါသည်။ ဗိုင်းရပ်စ်ပိုးခန္ဓာကိုယ်ထဲဝင်ရောက်သွားပြီး ၁၂နာရီမှ ၄၈နာရီအတွင်းမှာပင် ရောဂါလက္ခဏာတွေပြသလာမှာဖြစ်ပြီး တစ်ရက်မှ သုံးရက်အတွင်း ရောဂါ ပျောက်ကင်း သက်သာသွားတတ်ပါသည်။
ဆိုးဆိုးရွားရွားရောဂါနောက်ဆက်တွဲတွေ မဖြစ်တတ်သော်ငြားလည်း သက်ကြီးရွယ်အိုများ၊ ကလေး ငယ်များနှင့်ရောဂါအခံရှိသူများမှာ ဝမ်းလျှောစဉ်ရေဓာတ်ခမ်းခြောက်ခြင်းဒဏ်ကို ခံရတတ်ပါသည်။ သေချာမကုသပါက အသက်သေဆုံးနိုင်ပါသည်။
ရောဂါပုံစံမှာ အစာအဆိပ်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတွေနှင့် အတူတူဖြစ်ပါသည်။
#နိုရိုဗိုင်းရပ်စ်ကိုအကောင်းဆုံးကာကွယ်နည်း
နိုရိုဗိုင်းရပ်စ်ကိုကာကွယ်ရန်အတွက် လက်ဆေးခြင်းသည်သာ အကောင်းဆုံး ကာကွယ်သည့် နည်းလမ်းဖြစ်သည်။ အစာစားခါးနီးတိုင်း လက်ဆေးရပါမည်။ အစားအသောက်သန့်ရှင်းရေး သောက်ရေသန့်ရှင်းရေးကိုလည်း အလေးပေး ဂရုပြုရပါမည်။ အသီးအနှံများ မစားမီ ရေစင်စင်ဆေးကြောရပါမည်။ အစားအသောက်များကို ယင်မနားစေရန် ထိန်းသိမ်းပြင်ဆင်ထားသို ရပါမည်။ သန့်ရှင်းသောရေကိုသာသောက်သုံးရပါမည်။
အစာအသောက်ပြင်ဆင်တည်ခင်းသည့် ပန်းကန်ခွက်ယောက်များ သန့်ရှင်းစင်ကြယ်ရန်လည်း ဂရု ပြုရပါမည်။ အိမ်သာသန့်ရှင်းရေးကိုလည်းဂရုပြုရပါမည်။
#နိုရိုဗိုင်းရပ်စ်ကုသနည်းလမ်း
ဗိုင်းရပ်စ်ပိုးတို့ရဲ့သဘောသဘာဝအတိုင်း လူ့ရဲ့ကိုယ်ခံအားကောင်းမွန်စေဖို့ ရေဓာတ်ပြည့်ဝစေဖို့ အဓိကထား ကုသပေးရပါမည်။ ဖျားနာကိုက်ခဲနေပါက အကိုက်ခဲပျောက်ဆေး (Paracetamol) သောက်ခြင်း၊ ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ခြင်း၊ အသီးဖျော်ရည်သောက်ပေးခြင်း၊ ဓာတ်ဆားရည်သောက်ပေးခြင်းများ အမှန်တကယ်လိုအပ်ပါသည်။
ပိုးသတ်ဆေးသောက်ပေးဖို့မလိုအပ်တတ်ပါဘူး။ အိပ်ရေးဝဝအိပ်စက်အနားယူသင့်ပါသည်။ နိုရိုဗိုင်းရပ်စ်သည် ကူးစက်မြန်ရောဂါဖြစ်သော်လည်း ကျန်းမာရေးနှင့်အညီပြုစုစောင့်ရှောက်ပါက အသက်အန္တရာယ်မစိုးရိမ်ရသော ရောဂါမျှသာဖြစ်ပါသည်။
ဧရာဝတီတိုင်းမ် ပရိသတ်များအားလုံးလည်း မှန်ကန်တဲ့ ကျန်းမာရေးအကာအကွယ်နည်းလမ်းများကို လိုက်နာကျင့်သုံးပြီးတော့ NOROVIRUS ကူးစက်ပျံ့နှံခြင်း အန္တရာယ်မှလွတ်ကင်းပါစေကြောင်း ဆုတောင်းလိုက်ပါသည်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကူးစက်လွယ်နိုရိုဗိုင်းရပ်စ် #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။) –