
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၌ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပြုလုပ်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲအတွက် ဖြူဖြူထွေးဖျော်ဖြေမည့် အစီအစဉ်အား နှစ်ဦးသဘောတူ ဖျက်သိမ်း လိုက်ကြောင်းသိရသည်။
ဖျာပုံမြို့နယ် သိရီအဏ္ဏဝါခန်းမတွင် (၇၇) နှစ်မြောက်လွတ်လပ်ရေးအောင်ပွဲအကြိုပျော်ပွဲရွှင်ပွဲ ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိပြုလုပ်မည့်ပွဲတွင် ဖြူဖြူထွေးက ယနေ့ဒီ ဇင်ဘာလ ၂၈ ရက်နေ့တွင် ဖျော်ဖြေမည်ဟုဒေသခံများထံက သိရပြီး နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်းဒေသခံများထံက သိရသည်။
“ပွဲစတဲ့နေ့မှာ သူလာမယ်ဆိုပြီး ဒေသခံတွေက လက်မှတ်တွေဝယ်ထားတာများတယ်။ ဒါပေမယ့် ခုက သူ(ဖြူဖြူထွေး)မလာတော့ဘူးပြောတယ်။ ခုဖျာပုံဂရုတွေထဲမှာလည်း လိုက်ပြောနေတာတွေ့တယ်။ သူ မလာတာတော့ဟုတ်တယ်”ဟု ဖျာပုံမြို့ခံ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဖျော်ဖြေရမည့် ဖြူဖြူထွေးနေရာတွင် တေးသံရှင် ရွှေထိုက်ဖြင့် အစားထိုးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပြီး ဒီဇင်ဘာ ၂၈ ရက်နေ့တွင် DJ လမင်းကဗျာ၊ ၂၉ ရက်နေ့တွင် ရွှေမှော်(အဆိုးလေး) ၊ ၃၀ ရက်နေ့တွင် တေးသံရှင် ရွှေထိုက်က ဖျော်ဖြေမည်ဖြစ်ကြောင်း ကြော်ငြာပိုစတာတွင် ဖော်ပြထားသည်။
ဆယ်လီ ဖြူဖြူထွေးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက “HaoSu.Balm” အမည်ရှိသည့် ဆေးပရုတ်ဆီ အွန်လိုင်းကြော်ငြာရုပ်သံကို ရိုက်ကူးတင်ဆက်ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားဆင်ယင်မှုနှင့် အသက်အရွယ် ၇၉ နှစ်တို့အပေါ် သရော်ခဲ့သည်ဟုဆိုကာ ပြည်သူအများ၏ ဝေဖန် ကန့်ကွက်မှုများမြင့်တက်ခဲ့သည်။
အဆိုပါဆေးပရုတ်ဆီကြော်ငြာတွင် “မယ်တော်ဟောင်စု” အမည်ဖြင့် သရုပ်ဆောင်ခဲ့သည့် ဆယ်လီဖြူဖြူထွေး နှင့် ဇာတ်ညွှန်းရေးဆရာဆိုသူတို့သည် ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တစ်ဦးတစ်ယောက်ဆီတိုင်းကို အနူးအညွှန့်တောင်းပန်အပ်ကြောင်း Phyu Phyu Htwe” ၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် တောင်းပန်ခဲ့သော်လည်း ပြစ်တင် ဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။
ဖြူဖြူထွေးက ထိုသို့တောင်းပန်ပြီးနောက် လတ်တလောတွင် လက်ခံထားတဲ့ ပွဲများကိုပါ ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#ဖျာပုံမြို့ #ဖြူဖြူထွေးပွဲ #စာချုပ်ဖျက်သိမ်း #Ayeyarwaddy_Times