ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

ကြာသပတေးနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း (WHO) အကြီးအကဲနဲ့ ကုလသမဂ္ဂဝန်ထမ်းတွေဟာ ယီမင်နိုင်ငံ၊ ဆန်နာမြို့က အပြည်ပြည်ဆိုင် ရာ လေဆိပ်မှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

အစ္စရေးစစ်တပ်က ဆန်နာလေဆိပ်ကို ဗုံးကြဲတိုက်ခိုက်ချိန်မှာ သူနဲ့ဝန်ထမ်းတွေဟာ လေယာဉ် တစ်စင်းပေါ် တက်တော့မယ်အချိန်လို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုအဒါနွန်ဂီဘရီယီရက်စ်က လူမှုကွန်ရက်ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။

“အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်တော့်အမှုထမ်းတစ်ဉီး ဒဏ်ရာရရှိခဲ့ပြီး လေ ဆိပ်မှာ လူနှစ်ဉီး သေဆုံးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

သေဆုံးသူတွေဟာ အရပ်သားတွေ သို့မဟုတ် ဟူသီသူပုန်တွေဆိုတာ ရှင်းရှင်းလင်းလင်း မသိရ ပါဘူး။ ယီမင်နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းနဲ့ ကုန်းတွင်းပိုင်းရှိ ဟူသီသူပုန်တွေရဲ့ စစ်ရေးပစ်မှတ်တွေ ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ပါတယ်။

အီရန်အစိုးရရဲ့ စစ်လက်နက်ထောက်ပံ့မှုကို ဆက်လက်ပြီး ဖြတ်တောက်ကာ ဟူသီအဖွဲ့ကို တိုက်ခိုက်တော့မယ်လို့ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ပြောပါတယ်။

အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ရိုင်းစိုင်းပြီး ကြမ်းကြုတ်တယ်လို့ ဟူသီအဖွဲ့ အကြီး အကဲ မိုဟာမက်အလီအယ်ဟူသီက ပြောပါတယ်။ ဂါဇာပဋိပက္ခ ရပ်တန့်ချိန်အထိ အမေရိကန်နဲ့ အစ္စရေးကို တိုက်ခိုက်သွားမယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က အစ္စရေးနိုင်ငံမှာ ဟူသီအဖွဲ့ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူပေါင်း တစ်ဒါဇင် ကျော် ဒဏ်ရာရရှိခဲ့လို့ အစ္စရေးက လက်တုံ့ပြန်မှုအဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အစ္စရေးက ဟူသီအဖွဲ့ကို တိုက်ခိုက်ဖို့ပြင်ဆင်နေပြီး ဟူသီခေါင်းဆောင်ပိုင်းကို ခေါင်းဖြတ်သတ် မယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ကိုးကား – BBC
Ref; Head of WHO at Yemen airport during Israeli air strikes

#Ayeyarwaddy_Times