
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အသိမ်းခံရပြီး ရခိုင်ရိုးမအစပ် အမ်းနှင့် မကွေးတိုင်း ပဒါန်း လမ်းပိုင်းကို အာရက္ခတပ်တော် (AA) က စောင့်ကြည့်ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီက မကွေးတိုင်းအတွင်း အထူးခံစစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့က အမ်း နပခအသိမ်းခံရပြီးနောက် ရခိုင်ရိုးမအစပ်တွင် အမြောက်များတပ်ဆင်ပြီး အမ်း-ပဒါန်းလမ်းပိုင်းကို စိုးမိုးမှုရရှိရန် ကြိုးပမ်းနေ ကြောင်း သိရသည်။
“အခုရိုးမထဲမှာ ဖြစ်နေတဲ့တိုက်ပွဲက အမ်း-ပဒါန်းလမ်းကို အဓိကနယ်မြေစိုးမိုးဖို့လုပ်နေကြတာ။ စစ်တပ်က မကွေးကို စစ်ရေး ကူးလာမှာ အရမ်းကြောက်နေတယ်။ ကပစတပ်တွေ တပြုံကြီး AA ရသွားမှာ စိတ်ပူနေပုံရတယ်။ AA ကလည်းချမှာပဲ၊ ရန်သူ့လက်နက်ကိုယ့်လက်နက်ဆိုပြီး ဆော်မှာ”ဟု ကပစတပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမ်းရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းများကို အမှီပြုကာ မြို့နှင့် မိုင် ၂၀ အကွာထိ လမ်းတစ်လျှောက် အမြောက် စခန်းများကို စစ်ကောင်စီက နေရာယူထားကြောင်း သိရသည်။
စစ်ကောင်စီသည် အမ်းတောင်ကြားလမ်းရှိ မြို့နှင့် မိုင် ၂၀ ခန့်အကွာ တောင်စောက်ဂိတ်တွင် အမြောက်စခန်းများပြုလုပ်ပြီး အင်အား ၂၀၀ ခန့် ပို့ဆောင်ထားကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
ထို့ပြင် စစ်ကောင်စီသည် အမ်းနှင့်ကပ်လျက်ရှိ မကွေးတိုင်းမှ မင်းဘူး၊ ငဖဲ၊ ပဒါန်းစသည့် မြို့များတွင်လည်း စစ်အင်အားတိုးချဲ့ကာ အမ်း-ပဒါန်းလမ်းပေါ်တွင် ဗျူဟာကုန်းအဆင့်ရှိ လက်နက်ကြီး ခစန်းများကို တည်ဆောက်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် ကမြင်းကန်ဂိတ်တွင်လည်း လက်နက်ကြီးများ တပ်ဆင်ပြီး အမ်းမှမကွေးလမ်းကြောင်းကို AA ချီတက်လာနိုင်သည့် စစ်ရေးပစ်မှတ်နေရာများအား လုံးကို ချိန်ဆပြီး အထူးခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။
“မကွေးထဲမှာ စစ်ရေးက လှုပ်လှုပ်ခတ်ခတ်ကိုဖြစ်နေတာ။ တပ်တွေအကုန်လုံးကို တပ်လှန့်ထားတယ်။ အင် အားတိုချဲ့ပြီးကို စစ်ပြင်ထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီအနေဖြင့် အမ်းကို ဆုံးရှုံးလိုက်ရပြီးနောက် နယ်မြေချင်းထိစပ်နေသည့် မကွေးတိုင်း အတွင်းသို့ ဝင်ရောက်လာကာ ရိုးလမ်းပေါ်ရှိအမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅ နှင့် အမြောက်တပ်ရင်း အမတ ၃၇၅ တို့ကို အင်အားတိုးချဲ့ပြီး လုံခြုံရေးအထူးချထားကြောင်း သိရသည်။
ထို့အပြင် ပဒါန်းနှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ငဖဲ မြို့၌ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) စက်ရုံရှိနေပြီး ဧရာဝတီမြစ် အနောက်ခြမ်းတွင်ပင် စစ်ကောင်စီ၏ ကပစစက်ရုံ ခြောက်ခုထက်မနည်းရှိနေသောကြောင့် AA ဝင်ရောက်တိုက်ခိုက်လာမည်ကို စစ်ကောင်စီအနေဖြင့် အထူးစိုးရိမ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ခံစစ်များ အကြီးအကျယ်ပြင်ဆင်နေသည့် စစ်ကောင်စီသည် အမ်းမြို့ကျသွားပြီးနောက် အမ်း-ပဒါန်း လမ်းပိုင်းကို စိုးမိုးနိုင်ရန် ထိုးစစ်ဆင်မှုများလည်း ပြုလုပ်လာသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့က အမ်းမြို့ကို စစ်ကူပို့သည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းထောက် စစ်ယာဉ်တန်းကို ထိုးစစ်အနေဖြင့် ပို့ဆောင်ခဲ့ပြီး ဗျူဟာကုန်းအနေဖြင့် နေရာချလျက်ရှိသော နတ်ရေကန်ကို ဦးတည်စေခဲ့သည်။
အဆိုပါစစ်ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် ACDF က ငဖဲမြို့နယ် စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ယာဥ်တန်းသည် အင်အား ၃၀ ခန့်ပါဝင်ပြီး အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၀) မှ ထွက်လာသည့် အကြိုကင်းထောက်စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အမ်း-ပဒါန်းလမ်းပိုင်းကို နယ်မြေစိုးမိုးမှု ရယူနိုင်ရေးအတွက် AA နှင့်စစ်ကောင်စီတို့ ရိုးမအတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး AA က အမ်းတောင်ကြားလမ်းရှိ ချင်းကျေးရွာ၊ ဆင်ခုံတိုင်အထိ နယ်မြေစိုးမိုးမှုရယူထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက် (ပုံဟောင်း)
#မကွေး #စစ်ကောင်စီ #အင်အားတိုး #စစ်ပြင်ဆင် #Ayeyarwaddy_Times