
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
မိမိကိုယ်ကိုပင် ကာကွယ်နိုင်ခြင်းမရှိသည့် စစ်ကောင်စီက မရေရာသေးသော ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများက ၎င်းတို့နှင့်အတူ ပူးပေါင်း၍ လုံခြုံရေးယူခိုင်းရန် စီစဉ်နေမှုအပေါ် ဝေဖန်စိတ်ပျက်လျက်ရှိကြောင်း စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများနှင့် နီးစပ်သူတို့ထံက သိရသည်။
နေပြည်တော်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ပထမပတ်က ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ လုံခြုံရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် အိန္ဒိယခရီးစဉ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအပြင် ရွေးကောက်ပွဲ လုံခြုံရေးကိစ္စ ဆွေးနွေးရာ၌ နိုင်ငံရေးပါတီများပါ ပူးတွဲ၍ လုံခြုံရေးယူခိုင်းရန် စီစဉ်နေသည်ဟု ကြားသိရကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ရွေးကောက်ပွဲ ဥပဒေကလည်း အခုထိမထွက်သေးဘူး။ နောက်ပြီး ရွေးကောက်ပွဲကို လုံခြုံရေးအရ အပိုင်းလိုက်လုပ်မယ်။ ရတဲ့နေရာ လုပ်မယ်လို့ သူတို့တောင် ဒီလိုပြောနေရင် နိုင်ငံရေးပါတီတွေက လုံခြုံ ရေးယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မဲစာရင်း အကြောင်းပြ၍ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲ ပြန်ကျင်းပမည်ဟု ကြွေးကြော်ခဲ့သော်လည်း လက်ရှိအထိ ရွေးကောက်ပွဲဆိုင်ရာ အချိန်ဇယား၊ သက်ဆိုင်ရာ ဥပဒေများ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ လာမည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာတွင် ပြုလုပ်ရန် လျာထားကြောင်း သိရသည်။
”လက်ရှိအရေးပေါ်ကာလကို တာဝန်ယူထားတာ တပ်မတော်(စစ်ကောင်စီ)လေ။ ရွေးကောက်ပွဲကိုလည်း သူတို့ကပဲ တာဝန်ယူရမှာ။ ဘာလို့ဆိုရင် ကျွန်တော်တို့ ရုံးခန်းတွေတောင် မဖွင့်နိုင်သေးချိန်မှာ လုံခြုံရေးကို ပါတီ တွေက ယူရမယ်ဆိုတာတော့ မေးခွန်း ထုတ်စရာ ဖြစ်နေတယ်” ဟုစစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီတစ်ခုကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ လုံခြုံရေးယူခိုင်းရန် စီစဉ်နေမှုသည် ယခုနှစ်၊ သြဂုတ်က ဖွဲ့စည်းခဲ့သော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့တွင် ပါဝင်ရန်ဖြစ်ပြီး ထိုအတွက် နိုင်ငံရေးပါတီများ စိတ်ပျက်လျက်ရှိကာ လက်နက်တပ်ဆင်ပေးရန် ရှိမရှိကိုမူ သေချာမသိရသေးကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံက သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးနေမှုကို တန်ပြန်ထိန်းချုပ်၍ ကျန်ဒေသများအား ကာကွယ်နိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးနှင့် NSPNC ဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အရပ်ဘက်များ ပါဝင်လာသော အဖွဲ့ဝင် ၁၄ ဦးဖြင့် ယင်းအဖွဲ့အား ဖွဲ့စည်းထားခြင်းဖြစ်သည်။
ယင်းအောက်တွင် တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအဖွဲ့များ ဖွဲ့စည်းပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိ အမျိုးသားများ ပြည်သူ့စစ်သင်တန်း တက်ရောက်ကာ ပါဝင်ရမည်ဖြစ်ပြီး လက်ရှိ ဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာဖြည့်တင်းပေးနိုင်ရေး စသည်တို့ကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
“မိမိလုံခြုံရေးကို မိမိတို့က လက်နက်မကိုင်ဘဲ ယူတာတော့ ရှိမှာပေါ့နော်။ ကျွန်တော်တို့ကတော့ နိုင်ငံရေးပါတီ တည်ထောင်ကတည်းကိုက လက်နက်ကိုင်လမ်းစဉ်ကို လက်မခံဘဲနဲ့ တရားဝင် နိုင်ငံရေးပါတီ ထောင်တဲ့အတွက် ငြင်းပယ်ပါတယ်” ဟု တိုင်းအဆင့် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပတော်လှန်ရေး အင်အားစုများက လက်မခံသလို ပြည်သူလူထုကလည်း အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသည်တို့ကြောင့် စိတ်ဝင်စားမှုမရှိကြောင်း သိရသည်။
ထို့ကြောင့် စစ်ခေါင်းဆောင်က ၎င်းတို့၏ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့်နိုင်ငံများကို အပူတပြင်း အကူအညီ တောင်းခံလျက်ရှိသလို မရှုမလှအထိနာ စစ်ရှုံးနေမှုများကြောင့် ရွေးကောက်ပွဲကို အပိုင်းလိုက်သာ ပြုလုပ်သွားမည်ဟု ပြောဆိုထုတ်ပြန်ထားသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#ကိုယ့်ကိုယ်ကို #ကာကွယ်နိုင်ခြင်းမရှိ #စစ်ကောင်စီ #ရွေးကောက်ပွဲ #လုံခြုံရေးယူခိုင်းမှု #နိုင်ငံရေးပါတီများ #စိတ်ပျက် #Ayeyarwaddy_Times