
ဧရာဝတီတ်ိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ငဝန်ကြို့ကုန်းကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး၊ စာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက ပြည်သူ့စစ်မှုထမ်းအကြောင်းပြကာ ငွေတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။
ငဝန်ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှာ ဦးမျိုးသူအောင်ဖြစ်ပြီး စာရေး ဦးအောင်ရဲထက်၊ ရာအိမ်မှူး ဦးစန်းထွေးတို့ဖြစ်ကြသည်ဟု ဒေသခံများကပြောသည်။
ငဝန်ကြို့ကုန်းကျေးရွာအုပ်စုတွင် ကွမ်းခြံကုန်းကျေးရွာ၊ သရက်ပင်ကုန်းကျေးရွာ၊ ညောင်ချဉ်ကုန်းကျေးရွာ၊ ရှောက်ချောင်းစသည့်ကျေးရွာများရှိပြီး ကျေးရွာအတွင်း ပြည်သူ့စစ်မှုထမ်းအသက်ပြည့်မီသူအားလုံး အချိုးကျငွေပေးဆောင်ရမည်ဟု ဒေသခံများကဆိုသည်။
“ငဝန်ကြို့ကုန်းကျေးရွာအုပ်စုတစ်ခုလုံးကို အစည်းအဝေးခေါ်ပြီး အစည်းအဝေးမှာ လူငယ်တစ်ဦးကို ဘယ်လောက်ဆိုပြီး သတ်မှတ်ငွေတောင်းတာ။ ဒီလိုငွေတောင်းနေတာက တစ်ကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်း မဟုတ်ဖြစ်နေတာ။ တစ်နေ့လုပ်တစ်နေ့စားများတဲ့အတွက် ခုလို အဓမ္မတောင်းယူနေတော့
နေရေးစားရေးမှာ ပိုပြီးကြပ်တည်းလာတယ်” ဟု သာပေါင်းမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
၎င်းတို့ကောက်ယူထားသော ငွေကြေးများကို အမှန်တစ်ကယ် ပြည်သူ့စစ်မှုထမ်းဆောင်သူများကို ထောက်ပံ့မပေးပဲ အုပ်ချုပ်ရေးမှူး ဦးမျိုးသူအောင်၊ စာရေး ဦးအောင်ရဲထက်၊ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများက ခွဲဝေယူသုံးစွဲနေကြောင်း ဒေသခံများကပြောသည်။
အိမ်ထောင်စုတစ်ခုတွင် စစ်မှုထမ်းအသက်ပြည့်မီသူ တစ်ဦးရှိပါက ကျပ်ငွေ တစ်သိန်း၊ သုံးဦးရှိပါက သုံးသိန်းကျပ်ကို ဒီဇင်ဘာလကုန်နောက်ဆုံးပေးဆောင်ရမည်ဟု ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ပြည်သူ့စစ်မှုထမ်း၊ ရပ်ရွာလုံခြုံရေး စစ်မှုထမ်း အကြောင်းပြကာ ငွေတောင်းယူမှုများ ပိုမိုလုပ်ဆောင်လာကြကြောင်း စုံစမ်းသိရှိရသည်။
#သာပေါင်း #အုပ်ချုပ်ရေးမှူး #စာရေး #ပြည်သူ့စစ်မှုထမ်း #အသက်ပြည့်မီသူ #လူငယ် #ကျပ်ငွေ #တစ်သိန်းစီတောင်းယူ
#Ayeyarwaddy_Times