
ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဒီဇင်ဘာ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာမြို့မ ရဲစခန်း အချုပ်ခန်းတွင် ယမန်နေ့ ၂၅ ရက်နေ့က ရောဂါပြင်းထန်စဉ် ဆေကုသခွင့်လုံလောက်စွာ မရရှိသည့်အတွက် နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံးခဲ့ရပြီး တစ်နှစ်အတွင်း ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခဲ့သည့်အတွက် သေဆုံးခဲ့သည့် နိုင်ကျဉ်း ၂၅ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဘုံဘုံမှာ LGBT အဖြစ်ခံယူထားသူတစ်ဦးလည်း ဖြစ်ပြီး ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်း တို့ကို ခံစားနေရသူတစ်ဦးဖြစ်ကာ နိုဝင်ဘာ ဒုတိယ အပါတ်မှ စတင်ကာ ကျောက်ကပ်ရောဂါ မှာ ရောဂါပြင်းထန်လာသည့် အတွက် ဆေးဝါးကုသခွင့်ရရှိရန် ရဲစခန်းတာဝန်ရှိသူများထံ တင်ပြရာ လက်ခံခြင်းမရှိကြောင်း သိရသည်။
“လက်ရှိရဲစခန်းမှာကိုက ဆရာဝန်တွေမရှိနေတာပေါ့နော် ဒါကိုက အားနည်းချက်တစ်ခုဖြစ်နေပြီ။ သူကျန်းမာရေး မကောင်းတဲ့အခြေအနေမျိူမှာလည်း ဆေးဝါးကုသခွင့်မရတဲ့အခြေအနေက များခဲ့တယ်။ မသေဆုံးခင်ရက်မှာလည်း သူ့ရဲ့အရေးပေါ်ဖြစ်တဲ့အခြေအနေမျိုးမှာ ရဲစခန်းအချုပ်ကနေ ဆေးရုံကိုပို့နိုင်ခဲ့တဲ့ အခြေအနေမရှိဘူးပေါ့နော်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့အစည်း တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရဲစခန်းတာဝန်ရှိသူများက ဆေးရုံတက်ခွင့်မပြုခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားဘုံဘုံမှာ ဒီဇင်ဘာလ ဒုတိယအပတ်မှစ၍ ကောင်းစွာလမ်းလျှောက်နိုင်ခြင်း မရှိတော့ပဲ အစာမာများစားနိုင်ခြင်းလဲ မရှိတော့ကာ ရောဂါပြင်းထန်လာကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဘုံဘုံမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းမခံရခင်က မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားမျာကွန်ရက်(PPNM)အဖွဲ့ဝင် တစ်ဦးဖြစ်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ-၅၀(ည)၊ပုဒ်မ-၅၂(က)၊(ခ) တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရကာ မသေဆုံးခင် နှစ် ရက်အလို ဒီဇင်ဘာ ၂၃ ရက်နေ့မှာပင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့မတရားဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံရေးအကျဉ်းသားများကို ဆေးဝါးကုသမှု လုံလောက်စွာ ပေးခြင်းမရှိသည့်အတွက် သေဆုံးခဲ့သူများထဲတွင် NLDအစိုးရလက်ထက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်ခိုင် တို့လည်းအပါအဝင်ဖြစ်သည်။
ဓာတ်ပုံ – PPNM
#မုံရွာ #နိုင်ငံရေးအကျဉ်းသား #ဆေးဝါးကုသခွင့်မရ #မြို့မရဲစခန်း#တစ်နှစ်အတွင်း နိုင်ကျဉ်း ၂၅ ဦးသေဆုံး #Ayeyarwaddy_Times