ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ ဒီဇင်ဘာ ၂၆ ရက်

ရှမ်း-ကရင်နီ နယ်စပ်၊ မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီက ယခုရက်သတ္တပတ်အတွင်း နေ့စဉ် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် မိုးဗြဲမြို့ပေါ်ရှိ နေအိမ် အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံက သိရသည်။

မိုးမြဲမြို့ သစ်ယာကုန်းရပ်ကွက် နှင့် ပေါ်ဦးရပ်ကွက် များရှိ နေအိမ်များသို့ စစ်ကောင်စီလက်အောက်ခံ ခမရ-၄၂၂ တပ်ရင်းမှ ဒရုန်းဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေခြင်းဖြစ်သည့်အတွက် နေအိမ် အလုံး ၅၀ ကျော် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အခုလိုဗုံးကြဲတိုက်ခိုက်တာကနေ့တိုင်းနီးပါပဲ။ ဒီရက်ပိုင်းတွေ့ဖြစ်တယ်။ ဒီနေ့တွေထိလည်း ဒီလိုဗုံးကြဲ တိုက်ခိုက်နေတာ ကျွန်တော်တို့ကြားရတယ်။ တိုက်ပွဲတွေကတော့ နေ့တိုင်းနီးပါး ရှိပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ မိုးဗြဲ ခမရ-၄၂၂ တပ်ရင်းမှာ မိုးဗြဲမြို့အတွင်းသို့ စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်ခဲ့ရာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ သည့်အတွက် ရှေ့ဆက် တိုးနိုင်ခြင်းမရှိဘဲ ထိတွေ့တိုက်ပွဲများမှာလည်း နေ့စဉ်ဖြစ်ပွား နေကြောင်း သိရသည်။

မိုးဗြဲမြို့နယ်အတွင်းသို့ စစ်ကောင်စီ ခမရ-၄၂၂ တပ်ရင်းက ထိုသို့ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် အက်စ်ဖော့ S-PHOS 560 တံဆိပ်ပါ အဆိပ်ငွေ့ပြားများကို အသုံးပြုကာ တိုက်ခိုက် ခဲ့ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် KNDF ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – ပေးပို့
#ကရင်နီ #မိုးဗြဲ #စစ်ကောင်စီ #ဒရုန်းဗုံးကြဲ #နေအိမ်ပျက်စီး #ခမရ၄၂၂ #Ayeyarwaddy_Times