
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် စစ်ရှုံးလာမှုနှင့်အတူ အသက်သွင်းလိုက်သော စစ်မှုထမ်း ဥပဒေဖြင့် ဧရာဝတီတိုင်းရှိ လူငယ် ၇၀၀၀ ဝန်းကျင်ကို အပတ်စဉ် ရှစ်အထိ စုဆောင်းထား၍ ရှေ့တန်းသို့ အများဆုံးပို့ဆောင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS)ထံက သိရသည်။
စစ်ခေါင်းဆောင်က ၎င်းတို့တပ်အင်အား ပြန်လည်ဖြည့်တင်းရန် စစ်မှုထမ်းဥပဒေကို ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက်သွင်း ထုတ်ပြန်လိုက်ပြီးနောက် ဧရာဝတီတိုင်း၌ စာရင်းစတင် ကောက်ယူ၍ အပတ်စဉ် ၁ အတွက် လူသစ်စုဆောင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ဧရာဝတီတိုင်းအတွင်း စုဆောင်းခံရတဲ့ အရေအတွက်ကို အတိအကျတော့ ကောက်ယူနိုင်ခြင်း မရှိပေမယ့် ခန့်မှန်းခြေအရ အပတ်စဉ် တစ်ခုကို ၇၀၀ ကနေ ၁၀၀၀ ဝန်းကျင်ကြားရှိမယ်လို့ ခန့်မှန်းရတယ်” ဟု BACS ပြောရေးဆိုခွင့်ရှိသူ ကိုမင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိအပတ်စဉ် ရှစ်အထိဆိုလျှင် စုဆောင်းခံရသောဧရာဝတီတိုင်းရှိ လူငယ်အရေအတွက်မှာ ၆၀၀၀ နှင့် ၇၀၀၀ ကြားရှိနိုင်ကာ ဒေသတွင်း၌လည်း ရွှေမြင်တင်(ပုသိမ်) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၆)နှင့် ကွင်းကောက်(အင်္ဂပူ) တပ်မတော်တန်းမြင့် သင်တန်းကျောင်း (တတက-၅)တို့ ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါသင်တန်းကျောင်း နှစ်ကျောင်းအပြင် ရှမ်းပြည်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (တကန-ဟိုပုံး)၊ ဗထူးတပ်မြို့ အမှတ် (၁) အရာခံအကြပ်ကြီး သင်တန်းကျောင်း (ရကသ-၁)၊ တန့်ယန်း တတက(၈)၊ ကျိုင်းတုံ တတက(၁၁)နှင့် တတက(၃)တို့လည်း ခွဲပို့ဆောင်ကြောင်း သိရသည်။
“ရခိုင်တိုက်ပွဲတွေမှာ စစ်ကူပို့ဖို့လွယ်တဲ့ သင်တန်းကျောင်းတွေက ဧရာဝတီတိုင်းမှာ ရှိနေတယ်။ ဒါ့ကြောင့် ရခိုင်တိုက်ပွဲတွေမှာ ရှေ့တန်းပို့ခံရတဲ့ စစ်မှုထမ်းတွေက ဧရာဝတီတိုင်းက အများဆုံးဖြစ်နေတယ်။ နောက်ပြီး ဧရာဝတီတိုင်းက စစ်မှုထမ်း စုဆောင်းမှုခံရတဲ့ အများဆုံးဒေသထဲမှာ ပါနေတယ်” ဟု BACS ပြောခွင့်ရက ဆိုသည်။
ယင်းအပြင် ရှမ်းပြည်နယ်ရှိ သင်တန်းကျောင်းများသို့ ပို့ဆောင်ခံရသော ဧရာဝတီတိုင်းရှိ လူငယ်များကိုလည်း လာရှိုးမြို့ တိုက်ခိုက်ခံရစဉ်က စစ်ကောင်စီအနေဖြင့် ရှေ့တန်းပို့မှုများရှိသလို စုဆောင်းခံရသော အရေအတွက်နှင့် နယ်မြေအနေအထားအရပါ ရှေ့တန်းပို့ခံရမှု အများဆုံးဖြစ်ကြောင်း သိရသည်။
“ဧရာဝတီတိုင်းက ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေ ၊ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့နဲ့ ဆက်စပ်တဲ့သူတွေကနေတစ်ဆင့် အာဏာသိမ်းတဲ့အခါမှာ ပြန်လှုပ်ရှားလာကြတယ်။ အခြားတစ်ဖက်ကလည်း ဆင်းရဲမွဲတေမှု နဲ့ စစ်ကောင်စီအလိုတော်တွေကြောင့် လူငယ်အများစုဟာ သေတွင်းကို အပို့ခံနေရတာပါပဲ။
အခုဆိုရင် ဘယ်တိုက်ပွဲမှာ သေတယ်၊ ဘယ်တိုက်ပွဲမှာ ထွက်ပြေးတယ်ဆိုတဲ့ သတင်းတွေကြည့်လိုက်ရင် ဧရာဝတီတိုင်းက လူငယ်တွေများနေတာ တွေ့ရတယ်” ဟု ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အတွင်းမှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းများတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်က စစ်မှုထမ်းအပတ်စဉ် ရှစ် သင်တန်းဖွင့်ပွဲများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတဝန်းရှိ လူငယ်များကို နောက်သင်တန်းများအတွက် နေ့ခင်းဘက်ပါမကျန် အတင်းအကျပ် စုဆောင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ- ဧရာဝတီတိုင်းအတွင်းမှ စစ်မှုထမ်းအပတ်စဉ် ၈ သို့ တက်ရောက်မည့် သင်တန်းသားများ
#စစ်ကောင်စီ #ဧရာဝတီတိုင်း #လူငယ်၇၀၀၀ဝန်းကျင် #စစ်မှုထမ်းဥပဒေ #ရှေ့တန်းသို့အများဆုံးပို့ဆောင်
#Ayeyarwaddy_Times