နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

စစ်ကောင်စီက စစ်ဆင်ရေးတွင် အသုံးပြုလျက်ရှိသော တိုက်လေယာဉ်များအတွက် ဝယ်ယူထားသည့် စစ်လက်နက် အပိုပစ္စည်းများကို ရုရှားကုန်တင်လေယာဉ်မှ နေပြည်တော်ရှိ အေလာလေတပ်စခန်း ဌာနချုပ်သို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်နှင့် CDM အရာရှိများထံက သိရသည်။

ရုရှားနိုင်ငံတောင်ပိုင်းမှ ပျံသန်းလာသော IL-76 အမျိုးအစား ကုန်တင်လေယာဉ်သည် ယမန်နေ့ ၏ီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းက နေပြည်တော်ရှိ အေလာလေတပ်စခန်း ဌာနချုပ်သို့ ရောက်ရှိလာပြီး အဆိုပါအပိုပစ္စည်းများ ပို့ဆောင်ကာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်ထွက်မည်ဖြစ်ကြောင်း သိရသည်။

“ရုရှားကုန်တင်လေယာဉ် ဝင်တာဟုတ်တယ်။ အရင်ကတည်းကလည်း ဝယ်ယူနေတာ ရှိပါတယ်။ ခုက တိုက်လေယာဉ်အတွက် စစ်လက်နက် အပိုပစ္စည်းတွေ၊ အသေးစိတ်တော့ ပြောလို့မရဘူး” ဟု နေ ပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုစစ်လက်နက် အပိုပစ္စည်းများသည် ရုရှားနိုင်ငံမှ ဝယ်ယူထားသော လေယာဉ်၊ ရဟတ်ယာဉ်များ အနက် နေပြည်တော်တွင် အဓိကထားရှိသည့် MiG-29 ဂျက်တိုက်လေယာဉ်နှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်အတွက် ဖြစ်နိုင်ကြောင်း လေတပ် CDM အရာရှိများထံက သိရသည်။

“အခုရုရှားက နေပြည်တော်ကို တိုက်ရိုက်ဆင်းတာဆိုတော့ MiG-29 နဲ့ Mi-35 အတွက် ဖြစ်ဖို့များမယ်။ Mi 35 ကို အသုံးများတော့ အဲ့အတွက် အပိုပစ္စည်းတွရော၊ သူတို့ကနေပစ်တဲ့ မစ်ဇိုင်းလိုဟာမျိုး တွေ၊ Mi 35 ရဲ့ ပန်ကာဘလိပ်တွေ ပါနိုင်တယ်” ဟု လေတပ် CDM ဒုအရာခံဗိုလ်တစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

ယင်းအပြင် စစ်ကောင်စီသည် အာဏာမသိမ်းခင်ကတည်းက လေယာဉ်၊ ရဟတ်ယာဉ်များကို သတ်မှတ် ကာလအတိုင်း upgrade (အဆင့်မြှင့်တင်ခြင်း)လုပ်လေ့ရှိသဖြင့် ယခုအခါ MiG-29 ဂျက်တိုက်လေယာဉ်နှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို upgrade လုပ်သွားနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးလာသည်နှင့်အမျှ ဝေဟင် လေကြောင်းကို အားပြု၍ ပစ်ကူပေးခြင်းနှင့် ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်လာသလို အပြစ်မဲ့ အရပ်သားများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

“လက်ရှိစစ်ပွဲကြောင့် လေယာဉ်ပစ္စည်းတွေ အသုံးအရမ်းများနေတယ်။ သူတို့သတ်မှတ်တဲ့ သက်တမ်း ကုန်တာတွေ အများကြီးရှိတယ်။ အင်ဂျင်အလုံးလိုက်ကအစ ပို့ရတာတွေရှိသလို Yak–130 ဆိုရင် စင်းလုံးလိုက် ပြန်ထည့်ပေးလိုက်တာရှိတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီးဇေယျက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုကဲ့သို့ ပြင်ပနိုင်ငံများမှ ဝယ်ယူထားသော စစ်လက်နက်နှင့် စစ်လေယာဉ် အပိုပစ္စည်းများ လာရောက်ပို့ဆောင်မှုသည် မကြာခဏရှိခဲ့သော်လည်း မရှုမလှအထိနာ စစ်ရှုံးလာသည့် ယခု ၂၀၂၄ ခုနှစ်၊ ဒုတိယ ခြောက်လပတ်အတွင်း ပိုမိုစိပ်လာကြောင်း တပ်ကြပ်ကြီးဇေယျက ဧရာဝတီတိုင်းမ်ကို သုံးသပ်ထောက်ပြသည်။

လက်ရှိတွင် စစ်ကောင်စီသည် လေတပ်စခန်းဌာနချုပ်များဖြစ်သော မင်္ဂလာဒုံ၊ မှော်ဘီ၊ နေပြည်တော်၊ မိတ္ထီလာ(ရှမ်းတဲ)၊ တံတားဦး၊ တောင်ငူ၊ မကွေး၊ ပုသိမ်နှင့် မြိတ် စသည်တို့မှ လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်နေသဖြင့် လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-၇၅ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့အခမ်းအနားတွင်တွေ့ရသော တိုက်လေယာဉ်များ
#စစ်ကောင်စီ #စစ်ဆင်ရေးအသုံးပြု #တိုက်လေယာဉ်များ #ဝယ်ယူ #အပိုပစ္စည်းများ #ရုရှားကုန်တင်လေယာဉ် #နေပြည်တော် #Ayeyarwaddy_Times