
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ ကုန်တင်ကားများကို ရခိုင်ပြည်နယ်သို့ ရိက္ခာနှင့်စစ်ပစ္စည်းများ တင်ပို့ရန်အတွက် စစ်ကောင်စီက အစည်းအဝေးခေါ်ကာ ခိုင်းထားကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က ပုသိမ်-ရန်ကုန် ပြေးဆွဲနေသော ကုန်ကားများကိုသွားလာခွင့်ပိတ်လိုက်ပြီး ပိုင်ရှင်များကိုအစည်းအဝေးခေါ်ကာ စစ်ကောင်စီအတွက် လိုအပ်သည့်ယာဉ်
အရေအတွက် ရရှိရန်သဘောတူပြီးမှ လမ်းကိုပြန်ဖွင့်ပေးခဲ့ကြောင်းသိရသည်။
“ချောဆွဲတဲ့သဘောပေါ့ ၊ ဂွဘက်ကို စစ်တပ်ကပစ္စည်းကြိုက်တာတင်မယ်။တစ်ခေါက်ကို တစ်သိန်းခွဲလောက်ပဲပေးနိုင်မယ်။ သူတို့ အုပ်ချုပ်နေတဲ့အချိန်ဆိုတော့ ဘာများပြန်ပြောနိုင်မလဲ”ဟု ကုန်တင်ယာဥ် ပိုင်ရှင်များနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ပုသိမ်မြို့မှ ကုန်တင်ယာဥ်များမှ ၁၂ဘီးယာဥ် ငါးစီးကို စစ်ကောင်စီမှ အသုံးပြုရန်အတွက် အသင့်ထားပေးရကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်ဂွမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AAတို့ ဖြစ်ပွါးသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များအထိနာနေပြီး ဒီဇင်ဘာ တတိယပါတ်အတွင်း ဧရာ၀တီတိုင်းရှိ ပုသိမ်၊ သာပေါင်း၊ ကျုံပျော်စသည့်မြို့များမှ ကုန်တင်ကားများကိုချောဆွဲကာ လူ၊ ရိက္ခာနှင့် စစ်ပစ္စည်းများကို ပို့ဆောင်ခိုင်းခြင်းဖြစ်သည်။
ထို့အပြင် ဒဏ်ရာရ စစ်ကောင်စီတပ်သားများကိုလည်း ပြန်လည်သယ်ယူခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
#ပုသိမ်မြို့ #ကုန်တင်ကားများ #စစ်ကောင်စီ #ရိက္ခာ #စစ်ပစ္စည်းများ #ရခိုင်သို့ပေးရန်စေခိုင်း #Ayeyarwaddy_Times