ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဒီဇင်ဘာ ၂၆ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)၊ ချင်းညီ နောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ တိုက်ပွဲဖော်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

ဖလမ်းမြို့ကို ချင်းအမျိုးသာကာကွယ်ရေးတပ်ဖွဲ့၊ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားပြီး ဖလမ်းမြို့၊ ခလရ ၂၆၈ တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိကြောင်းသိရသည်။

“ထူးခြားမှုမရှိသေးပါဘူးခင်ဗျ။ သိမ်းခဲ့ရင် မီဒီယာကို အကြောင်းကြားပါမယ်” ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(CNDF)၏ ပြောခွင့်ရဆလိုင်းတင်မီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ဖလမ်းမြို့၊ ကျင်မွှာလ် အ.ထ.က (၂)ကျောင်းတွင် အင်အား ၁၀၀ ကျော်ကို လေကြောင်းဖြင့် စစ်ကူလာချပေးကြောင်းသိရပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွား၍ ချင်းညီနောင်ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားဖမ်းဆီးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းညီနောင်အဖွဲ့က လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

ပုံစာ-ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ပုံဟောင်း)။
#ဖလမ်းမြို့ #တိုက်ပွဲဆက်လက်ဖြစ်ပွား #စစ်ကောင်စီ #လေကြောင်း #တပ်ဖွဲဝင်များစစ်ကူချပေး #Ayeyarwaddy_Times