ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသတွင် စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း သုံးဧကခန့်ကို ဖျက်ဆီးခဲ့ကြောင်း CDF CDM SIYIN က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဘိန်းစိုက်ခင်းကို ၂၀၂၄ ခုနှစ် ပုံမှန်ကျင်းပသည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် CDF CDM Siyin ရဲဘော်များမှ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် CDF CDM SIYIN ထိန်းချုပ်နယ်မြေဒေသအတွင်းရှိ ကျန်နေသေးသော ဘိန်းခင်းများကိုလည်း တခင်းပြီးတခင်း ဖျက်ဆီးသွားမည်ဖြစ်ပြီး ဘိန်းစိုက်ပျိုးခြင်းကိုလည်း တားမြစ်ထားကြောင်း သိရှိရသည်။

“အခွန်ကောက်ရင် တရားဝင်စိုက်ခွင့်ပေးရာရောက်တာကြောင့် ဘိန်းအခွန်ကိုလည်း ကျွန်တော်တို့ အဖွဲ့အစည်းအပါအဝင် မည်သည့်အဖွဲ့အစည်းကမျှ လုံးဝကောက်ခွင့်ပေးမှာမဟုတ်ဘူး။ သုံးနှစ်အတွင်း ထိန်းချုပ်နယ်မြေဒေသတစ်ခုလုံး ဘိန်းစိုက််ပျိုးခြင်း ကင်းစင်ရေးစီမံကိန်း ချထားတဲ့အတိုင်း ဆောင်ရွက်သွားမယ်” ဟု CDF CDM Siyin တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စီးယင်းဒေသတွင် ယခင် အစိုးရလက်ထက် ကတည်းက တရားမဝင်စိုက်ပျိုးသူများရှိပြီးတော်လှန်ရေးကာလ လေးနှစ်နီးပါးဖြစ်လာသည့်အတွက် စိုက်ပျိုးသူသည် တစ်နှစ် ထက်တစ်နှစ်ပိုများလာကြောင်း သိရှိရသည်။

“အရင်ကတည်းက တိတ်တိတ်ပုန်း ဘိန်းစိုက်ကြတယ်။ အခုက တွေ့သမျှတောင်တွေ တစ်တောင်လုံး ဘိန်းခင်းအတွက် ခုပ်လှဲကြတာတွေလဲရှိလာတယ်။ အဲ့ဒါကြောင့် ဘိန်းစိုက်ပျိုးခြင်းကို မူအရလုံးဝတားမြစ်ထားတယ်။သုံးနှစ်အတွင်း အရေးယူမှုထက် ပညာပေး အစီအစဉ်တွေ စွဲထားပါတယ်” ဟု CDF CDM SIYIN တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း တီးတိန်မြို့နယ်တွင် စိုက်ပျိုးထားသည့် ဘိန်းစိုက် ဧက ၂၀ ကျော်ကို Zoland PDF နဲ့ Zoland ရဲတပ်ဖွဲ့တို့ ပူပေါင်းဖျက်ဆီးခဲ့သည်။

ချင်းပြည်နယ်တွင် ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#တီးတိန်မြို့နယ် #ဘိန်းစိုက်ခင်း #CDFCDMSiyin #Ayeyarwaddy_Times