ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ရက်

ရခိုင်ပြည်နယ် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုပြန်ရယူရန်အတွက် အမြောက်တပ်များ ချကာ အမ်းကိုဦးတည်လာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အမ်းမြို့နှင့် ၁၂ မိုင်အကွာအထိ အမ်းတောင်ကြားလမ်းအတိုင်းချီတက်လာသည့် စစ်ကောင်စီတပ်ကို ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် AA က ကြားဖြတ်တိုက်ရာ စစ်ကောင်စီတပ်များ အမ်းနှင့် မိုင် ၂၀ အကွာသို့ တပ်ပြန်ဆုတ်သွားရကြောင်း သိရသည်။

“တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအတိုင်း တက်လာကြတာမှာ ပိုက်လိုင်းကခွာတက်လာတာနဲ့ AA က တိုက်တာ။ စစ်တပ်က မူလ အမြောက်တပ်ကို ပြန်ဆုတ်သွားရတယ်။ လေယာဉ်ပစ်ကူခေါ်တယ် ပြောတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကို ပြောသည်။

AA အနေဖြင့် လက်ရှိတွင် အမ်းမြို့နယ်အပြင် အမ်း-ပဒါန်းလမ်းပိုင်းကိုပါ နယ်မြေထိန်းချုပ်နိုင်ရန် လုပ်ဆောင်လျက်ရှိပြီး အမ်း-ပဒါန်းလမ်းရှိ အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) နှင့် အမှတ် (၃၇၅)အမြောက်တပ်ရင်း(အမတ-၃၇၅) တို့ကို ပစ်မှတ်ထား တိုက်ခိုက်လာမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။

ထို့အပြင် ပဒါန်းနှင့် ၁၀မိုင်အကွာတွင် အမှတ်(၁၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) ရှိပြီး မကွေးတိုင်းအတွင်း ကပစ ၁၃၊ ၁၂၊ ၁၀၊ ၂၀၊ ၂၊ ၂၁ တို့အားလုံး ဧရာဝတီမြစ်အနောက်ခြမ်းတွင် တည်ရှိကြောင်း သိရသည်။

လက်ရှိတွင် AAက အမ်းနှင့် ၁၆မိုင်အကွာရှိ ဆင်ခုံတိုင်ကျေးရွာအထိ နယ်မြေစိုးမိုးထိန်းချုပ်မှု ရယူထားသည့်အတွက် စစ်ကောင်စီတပ်များ နောက်ပြန်ဆုတ်ထားရကြောင်း သိရသည်။

#အမ်း #တရုတ်ဓာတ်ငွေ့ပိုက်လိုင်း #အကာအကွယ်ယူ #စစ်ကောင်စီ #တပ်ပြန်ဆုတ် #Ayeyarwaddy_Times