ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြစ်သောရခိုင်ပြည်၊ ကျောက်ဖြူထွက်ကုန်သဘာဝဓာတ်ငွေ့ ကို တရုတ်နိုင်ငံ၊ ကူးမင်းမြို့သို့ပို့နေရာမှ ချုံချင့်မြို့အထိ ပိုက်လိုင်းတိုးချဲ့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းဖော်ပြချက်အရသိရသည်။

မြန်မာ – တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တရုတ်နိုင်ငံကူမင်းမြို့သို့ ဆက်သွယ်ထားပြီး ဖြစ်သော် လည်း ချုံချင့်မြို့အထိ ဓာတ်ငွေ့ပို့လွှတ်နိုင်ရေးအတွက် ပိုက်လိုင်းအဆင့်မြှင့်တင်ရေး ဆောင်ရွက်နေ ကြောင်းစစ်ကောင်စီက ဆိုထားသည်။

စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလွင်ဝန်ကြီးအဖွဲ့အပါအဝင် မြန်မာ – တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီဖြစ်သည့်South-East Asia Crude Oil Pipeline နှင့် Gas Pipeline ကုမ္ပဏီမှ ဥက္ကဋ္ဌ Mr. Wang Qiang ဦးဆောင်သည့်အဖွဲ့တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံရာတွင်ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ကာ သဘာဝဓာတ်ငွေ့များ ထုတ်ယူပြီး နှစ်နိုင်ငံ မျှဝေသုံးစွဲခြင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်း များစတင်နိုင်ရေးပါဝင်ကြောင်းသိရသည်။

ယင်းပြင် မြန်မာ – တရုတ် ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံများအား အဆင့်မြှင့်တင်လည်ပတ်နိုင်ရန်ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ရရှိမှုလျော့နည်းနေသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ထုတ်လုပ်မှုလျော့နည်းနေကြောင်း စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြီးခဲ့သည့် မေလအတွင်းတွင် ထုတ်ပြန်ထားသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၃ ဇူလိုင်တွင် ပို့လွှတ်မှု စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ – တရုတ် သဘာဝဓာတ်‌ငွေ့လိုင်းအစုရှယ်ယာရှင်များ၏ဓာတ်ငွေ့ပိုက်လိုင်းပေါ် ရင်းနှီးမြှုပ်နှံရာတွင် ပြန်လည်ရရှိမှု ၁၆၅ ရာခိုင်နှုန်းရှိကြောင်း ၂၀၂၂ ဒီဇင်ဘာ အထိ စာရင်းများအရသိရှိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်သည် အရှည် ၇၉၃ ကီလိုမီတာရှိပြီး နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅.၂ ဘီလီယံအထိ ပို့လွှတ်ပေးနိုင်စွမ်းရှိသည်။

လက်ရှိမြန်မာနိုင်ငံ၌ ရန်ကုန်မြို့ကြီးအပါအဝင်မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်‌တောက်မှုပိုမိုဆိုးရွား လာနေပြီး ၂၄ နာရီတွင် ၄ နာရီသာကောင်းမွန်စွာရရှိသည်။

ဓာတ်ပုံ – စစ်ကောင်စီ ၊ ဧရာဝတီတိုင်းမ်
#မြန်မာတရုတ် #သဘာဝဓာတ်ငွေ့ပိုက်လိုင်း #ကျောက်ဖြူ #ကူမင်း #Ayeyarwaddy_Times