ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ရက်

တိုက်ပွဲပြင်းထန်နေသည့် မံစီမြို့နှင့် ဗန်းမော်မြို့တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပိတ်ဆို့ထားပြီး ကျန်ရှိတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့ကတည်းက စတင်ခဲ့သည့်တိုက်ပွဲသည် ယနေ့ ဒီဇင်ဘာ ၂၅ရက်နေ့အထိ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း KIA ကပစ်ခတ်သည့် စနိုက်ဘာထိမှန်၍မံစီမြို့မှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း သေဆုံးသွားကြောင်း သိရသည်။

“ဒီနေ့ နေ့လယ်မှာ မံစီက ခမရ ၆၀၁တပ်စခန်းတစ်ခုကို KIAက သိမ်းလိုက်ပြီပြောတယ်။ ဗျူဟာမှူးအဆင့်ရှိသူတစ်ယောက် မနေ့က စနိုက်ဘာထိပြီးကျတယ်။ မြို့ကို ပိတ်ဆို့ထားပြီ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မံစီရှိ ခလရ ၃၁၉၊ ခမရ ၆၀၁နှင့် လက်နက်ကြီးတပ် ၃၅၂တို့ကို KIAက တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဘန်ကာများအထိ ဝင်ရောက်ထိုးစစ်ဆင်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ မြေပြင်ထောက်ပို့လမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်ခံလိုက်ရ၍ စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ရက်နေ့မှစတင်ကာ မံစီတပ်ရင်းများထံသို့ Y8 ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်း ပို့ခဲ့ရကြောင်း သိရသည်။

ထို့အပြင် မံစီမြို့တပ်ရင်းများသို့ မူဆယ် ရှေ့တန်းတပ်မချုပ် (ရတတမခ-၉၉) မှ အင်အား ၁၂၀ခန့်ပို့ထားပြီး မူဆယ်တပ်ကို ရှေ့တန်းစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ရတစကခ-ရတစကခ ၁၄) နှင့် တပ်ပြုန်းသွားသည့် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)မှ လက်ကျန်တပ်များ နေရာပြန်ချထားကြောင်း သိရသည်။

မံစီမြို့အတွင်းကို စကခ ၂၁မှနေ၍ ၁၀၅မမ များဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး လေယာဉ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေကာ ဗန်းမော်မြို့အတွင်း ပြန်လည်နေရာယူလာသည့် စစ်ကောင်စီတပ်များကို KIAက စနိုက်ဘာဖြင့် ပစ်ခတ်ရှင်းလင်းနေကြောင်း သိရသည်။

#မံစီ #KIA #ပိတ်ဆို့ #ဗျူဟာမှူး #စနိုက်ဘာထိ #သေဆုံး #Ayeyarwaddy_Times