
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်
မြန်မာပြည်တွင်းနှင့် ထိုင်းနယ်စပ်မြို့တွင် ကာလဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ဦးရေတိုးပွား နေသော်လည်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ကုသကာကွယ်ရန်နှင့် ဆောင်ရွက်ရမည့် အစီအစဉ်များကို တုံ့ပြန်ထားခြင်း မရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံအချို့တွင်ကူးစက်မှုမြင့်တက်နေသော နိုရိုဗိုင်းရပ်စ်နှင့် ရောဂါလက္ခဏာ ဆင်တူသော ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများပြားလာသဖြင့် ယင်းဗိုင်းရပ်စ် ပိုးကူးစက်ခံရမှုအဖြစ် သံသယရှိနေကြောင်း မြန်မာ- ထိုင်းနယ်စပ်တွင် နေထိုင်သူများထံက သိရသည်။
လက်ရှိတွင် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ လောင်းကစားနယ်မြေရွှေကုက္ကိုမြို့သစ်တွင် ကာလ ဝမ်းရောဂါ ကူးစက်မှုမြင့်တက်နေပြီး ကူးစက်ခံရသူဦးရေ ၃၀၀ ကျော်ရှိပြီး သေဆုံးသူ နှစ်ဦးရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ ရွှေက္ကိုနယ်မြေတွင် လူဦးရေထူထပ်များပြားမှု၊ အမှိုက်သရိုက်များပေါများမှုအပါအဝင် ဆေးဝါး ရရှိမှုအခက်အခဲများကြောင့် ကာလဝမ်းရောဂါဖြစ်ပွားရကြောင်း မြန်မာ – ထိုင်းနယ်စပ် မဲဆောက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“(မဲဆောက်မှာ)မနေ့က မူကြိုကျောင်းတစ်ကျောင်းက ကလေးပဲ။ ကျောင်းကိုအလာမှာ ကျောင်းကား ပေါ်မှာ ဝမ်းတွေသွားလာလို့ ဘောင်းဘီတွေပေကျံပြီးကျောင်းရောက်လာတယ်။ အဲဒါတွေက စိတ်ပူစရာပဲ။ ပေတာတွေကိုအင်္ကျီနဲ့သုတ်လိုက်ပြီး အစားအသောက်စားမယ်ဆိုစိတ်ပူစရာပဲ။ အဲဒီ ကလေးကို ချက်ချင်းပဲ မယ်တော်ဆေးခန်းပို့လိုက်တယ်ထင်တယ်” ဟု အဆိုပါအမျိုးသမီးက ဧရာ၀တီတိုင်းမ်ကို ဆက်လက်ပြောကြားသည်။
မြန်မာ – ထိုင်းနယ်စပ်တွင် ကာလဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်လာချိန်တွင် ထိုင်းလူမျိုးများထက် မြန်မာလူမျိုးများအတွက်ကို ပိုစိတ်ပူမိကြောင်း၊ စားသောက်ဆိုင်မှားညစ်ပတ်မှုနှင့် စည်းကမ်းမရှိ စွန့်ပစ်အမှိုက်များပစ်မှုကြောင့် ရောဂါကူးစက်နိုင်ကြောင်း မဲဆောက်တွင်နေထိုင်သူ ရွှေပြောင်းမြန်မာ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ မြန်မာပြည်အခြမ်း ၁၃ ဂိတ်တို့ ၁၀ ဂိတ်တို့နေရာတွေမှာ အမှိုက်တွေအများကြီးပဲ။ ထိုင်းတွေက မြစ်ထဲ အမှိုက်မထည့်ဘူး။ ထိုင်းတွေကသူတို့ စားသောက်ဆိုင်ပဲစားတယ်။ အဓိက ဗမာဆိုင်ပဲ။ အံ့ဩစရာ ကောင်းတာက ဗမာတွေကမဲဆောက်မှာနေတာနှစ်ကြာနေပြီ။ အစားအသောက် ရောင်းတာ လည်းအတုမခိုးဘူး။ ဗမာဆိုင်တွေက ညစ်ပက်တယ်။ ထိုင်းမရှိတဲ့ ဗမာရပ်ကွက်မှာဆို အမှိုက်တွေပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ကာလဝမ်းရောဂါဖြစ်ပွားသူ မြန်မာများအတွက် ထိုင်းအစိုးရကလိုအပ်သည့် ဆေးဝါးများ ကူညီပေးခြင်း၊ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးလမ်းညွှန်ချက်များဆောင်ရွက်နေကြောင်းသိရသည်။
ထို့ပြင် ရောဂါခံစားနေရသူ ၂၄၀၀ အတွက် ကာလဝမ်းရောဂါကုသဆေး ၂၄၀၀၀ နှင့် ကာလဝမ်းရောဂါ ကာကွယ်ဆေး ၁၄၈၂ does တို့ကို Mae Ramat ဆေးရုံသို့ထောက်ပံ့ထားကြောင်း ထိုင်းသတင်း ဌာနများတွင် ဖော်ပြထားသည်။
လက်ရှိတွင် ဧရာဝတီတိုင်း၊ လပွတ္တာနှင့် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တို့တွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင်းနှင့် မြန်မာ – ထိုင်းနယ်စပ်ရှိ ကာလဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး တစ်စုံတရာ အသိပေးထုတ်ပြန်ထားခြင်းမရှိပေ။
“ဝမ်းပျက်ဝမ်းရောဂါတွေဖြစ်နေတုန်းပဲ။ ကလေးတွေအများကြီးဖြစ်နေတယ်ကြားတယ်။ နိုရိုဗိုင်း ရပ်စ်နဲ့ ရောဂါလက္ခဏတူနေတာတွေ့ စိတ်ပူနေကြတယ်။ အခုဖြစ်နေတဲ့ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ နိုဗိုဗိုင်းရပ်စပ်ဆက်လား။ အဲဒီရောဂါပိုးလားဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးမှသိရမယ် ” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြန်မာပြည်တွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နှင့် ရခိုင်ပြည်တို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသော် လည်း ရောဂါထိန်းချုပ်နိုင်မှုအခြေအနေကိုမူထုတ်ပြန်ခြင်းထားခြင်း မရှိသည်ကိုတွေ့ရသည်။
ရန်ကုန်တိုင်းတွင် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်သူဦးရေ ၂၀၅ ဦး၊ မန္တလေးတိုင်းတွင် ၁၇၇ ဦးနှင့် မွန်ပြည်တွင် ၂၆ ဦးရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်နေ့အထိထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှစကာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှ စတင်ကာ ကာလဝမ်းရောဂါနှင့် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်နှင့်မန္တလေးတိုင်းတို့ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ဒုတိယပတ်က ကာလဝမ်းရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) တိုက်ကျွေး ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပေး ကြေညာထားခြင်းမရှိပေ။
အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရန်အတွက် မသန့်ရှင်းသော အစားအစာများအစားရန်၊ သန့်ရှင်းသောရေသောက်သုံးရန်၊ လက်ကိုစနစ်တကျဆေးကြောရန်နှင့် ယင်လုံအိမ်သာသုံးရန် အပါ အဝင် အမှိုက်များကိုစနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း သိရသည်။
ဓာတ်ပုံ – WHO
#မြန်မာထိုင်းနယ်စပ် #ရွှေကုက္ကို #ကာလဝမ်းရောဂါဖြစ်ပွား #လူဦးရေထူထပ်ရောဂါကူးစက်မှု #ထိန်းချုပ်ရန်လို#ထိုင်းအစိုးရကူညီ #စစ်ကောင်စီတုံ့ပြန်မှုမရှိ #Ayeyarwaddy_Times