
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီက ကုန်တင်ကားများနှင့် Light truck ကားပိုင်ရှင်များကို ရခိုင်ရှိ စစ်ကောင်စီတပ်ထံ ရိက္ခာပို့ဆောင်ရန်အဓမ္မ လက်မှတ်ထိုးခိုင်းနေကြောင်း သိရသည်။
ကျုံပျော်မြို့ရှိ ခလရ ၃၆ မှ စစ်ကောင်စီတပ်က ကုန်တင်ကား၊ Light truck ကားပိုင်ရှင်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ဧရာမင်းခန်းမသို့ အစည်းအဝေးခေါ်ဆောင်ကာ လက်မှတ် ရေးထိုးခိုင်းကြောင်း ဒေသခံများထံက သိရသည်။
“ကားသမားအများစုကတော့ ဘယ်ကျေနပ်ကြပါ့မလဲ၊ ရခိုင်မှာက ဒီလောက်တိုက်ပွဲတွေဖြစ်နေတာ။ တချို့က ကြောက်တော့ ငြိမ်နေကြရတာပေါ့။ ငွေညှစ်ချင်တဲ့ ပုံစံမျိုးလည်းပါတယ်။ ပိုက်ဆံလည်း ဘယ်သူမှ မထည့်ချင်ကြဘူး”ဟု ကျုံပျော်မြို့ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သို့သော်လည်း ကုန်တင်ကားနှင့် Light truck ကားပိုင်ရှင်များကို အစည်းအဝေးခေါ်ယူပြီး ရိက္ခာ ပို့ဆောင်ရန် လက်မှတ်ထိုးခိုင်းရာ အချို့တစ်ဝက်သာ လက်မှတ်ထိုးသည့်အတွက် နောက်တစ်ကြိမ် အစည်းအဝေး ခေါ်ယူမည်သိရကြောင်း ကျုံပျော်မြို့ခံများကဆိုသည်။
“အစည်းအဝေးမှာ အများစု ကျေနပ်မှုမရှိကြဘူး။ ကားဝယ်ပေးမယ် ကိုယ့်ဟာကိုယ်မောင်းဆိုပြီး အစည်းအဝေးမှာ ပြောကြတယ်။ အဲ့ကိစ္စကိုလည်း ပြန်စဥ်းစားမယ်ဆိုပြီး အစည်းအဝေးထပ်ခေါ်မှာ”ဟု ကျုံပျော်မြို့ခံက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ် ဂွတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း ရခိုင် သတင်းရင်းမြစ်များထံက သိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ရင်းများကိုမူ စစ်အင်အား လက်နက် ရိက္ခာများပို့ဆောင်လျက်ရှိပြီး ခံစစ်ပြင်ဆင်ထားကြောင်း ရခိုင်ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ရခိုင်ရှိ စစ်ကောင်စီတပ်ထံ ရိက္ခာပို့ဆောင်ရမည့် ကျုံပျော်မြို့ရှိ Light truck ကားအား မြင်တွေ့ရစဥ်
#ကျုံပျော် #ကုန်တင်ကား #Lighttruckကားများ #ရခိုင် #စစ်ကောင်စီတပ် #ရိက္ခာပို့ #အဓမ္မလက်မှတ်ထိုး #Ayeyarwaddy_Times