
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ရက်
အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော် (AA) ကသိမ်းယူပြီးနောက် အမ်းနှင့်မိုင်အနည်းငယ်အကွာတွင် စစ်ကောင်စီ၏ အမြောက်တပ်များ နေရာချလာကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်နေ့က နပခတစ်ခုလုံး AA လက်ထဲကျသွားပြီး စစ်တိုင်းမှူးများပါ အဖမ်းခံခဲ့ရသည့်အတွက် အမ်းကို ပြန်ရယူရန် စစ်ကောင်စီက လက်နက်ကြီးစခန်းများ တည်ဆောက် လာကြောင်း သိရသည်။
“တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစတဲ့နေရာကနေ အမ်းနဲ့ ၁၅မိုင်အကွာထိ အမြောက်တပ်တွေ နေရာချလာတယ်”ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမ်းတောင်ကြားလမ်းရှိ မြို့နှင့် မိုင် ၂၀အကွာခန့်က တောင်စောက်ဂိတ်တွင်စစ်ကောင်စီ၏ အမြောက် စခန်းတည်ရှိပြီး နောက်ထပ် ၅ မိုင်ရှေ့တိုး၍ အင်အား ၂၀၀ ခန့်ကိုပို့ဆောင်ကာ အမြောက်တပ်တစ်ခု ထပ်တိုးချဲ့လာကြောင်း သိရသည်။
ထို့အပြင် ကမြင်းကန်ဂိတ်တွင်လည်း လက်နက်ကြီးများပါတပ်ဆင်ပြီး အမ်းကို စစ်ကြောင်းထိုးရန် လုပ်နေကြသော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ အမ်းတောင်ကြားလမ်းပိုင်းတွင် ရပ်တန့်နေကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် စစ်တိုင်းဌာနချုပ်အသိမ်းခံရသည့်အပြင် တိုင်းဦးစီးချုပ်နှင့် ဒုတိုင်းမှူးတို့ပါ အဖမ်းခံလိုက်ရသည့်အတွက် အမ်းကို ပြန်ရယူရေး အပြင်းအထန်ကြိုးစားလာနေပြီး အမ်းရိုးတောင် ကြားလမ်းမှတဆင့် အမ်း-ပဒါန်းလမ်းပိုင်းမှနေ၍ မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်များနှင့် AA တို့ ပူးပေါင်းသွားနိုင်မည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် ပြည်မမှ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များကို AA နှင့်ပူးပေါင်း တပ်များ ဝင်ရောက်စီးနင်း သွားမည်ကို ပူပန်နေရပြီဖြစ်သည်။
#အမ်း #နပခ #စစ်ကောင်စီ #ပြန်လိုချင် #အမြောက်စခန်းချ #Ayeyarwaddy_Times